Skip to main content

ငဖဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား Video Conferencing စနစ်ဖြင့် ဆောင်ရွက်

မကွေး     နိုဝင်ဘာ     ၂၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို Video Conferencing စနစ်ဖြင့် နိုဝင်ဘာလ ၁၉ ရက် ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို online ဖြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (CDD) ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြေားကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က စီမံကိန်း အကောင် အထည်ဖော်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ၊ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်က စီမံကိန်း ပူးပေါင်း ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့ သည်။

၎င်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ငဖဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် များ၊မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သိရှိလို သည်များကို မေးမြန်းရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြန်လည်ရှင်းလင်းပေးခဲ့သည်။

အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ စီမံကိန်းဒါရိုက်တာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ငဖဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထား သူများနှင့် ကျေးရွာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး (ငဖဲ)