Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဝန်ထမ်းအိမ်ရာအသစ်ဆောက်လုပ်နေမှုနှင့် ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများပြန်လည်ပြုပြင်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၁၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအနီးရှိ နေပြည်တော်အုတ်စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာတာဝန်ရှိသူများက စက်ရုံ၏ ဘဏ္ဍာရေးနှစ်အလိုက် အရှုံးအမြတ်အခြေအနေကို ဆွေးနွေးတင်ပြပြီး စက်ရုံအတွင်း အုတ်စိမ်းထုတ်လုပ်နေမှုနှင့် လက်ရှိထုတ်လုပ်နေသည့် Top Burning System မှ ပိုမိုကောင်းမွန်သည့် မြေကြီးတွင် ကျောက်မီးသွေးရောစပ်၍ အုတ်ကျက်ထုတ်လုပ်မည့် Internal Bur-ning System ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို လိုက်လံရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှုအား အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန်နှင့် အရှုံးမဖြစ်ပေါ်စေရေးအတွက် ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန် မှာကြားသည်။

စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်အတွင်းရှိ နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှုထမ်းအိမ်ရာခြောက်ခန်းတွဲ လေးထပ်တည်ဆောက်နေသည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုနိုင်ရေး၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးနှင့် ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သည့် လေးခန်းတွဲ လေးထပ်အမှုထမ်းအိမ်ရာတည်ဆောက်နေမှု၊ ဇမ္ဗူသီရိမြို့နယ် နေပြည်တော်ကောင်စီလမ်း ဇီဇဝါအဝိုင်းမှ ရွှေကြာပင်လမ်းအထိ နိုင်လွန်ကတ္တရာ (AC) ခင်းကျင်းနေမှုအခြေအနေများနှင့် ရွှေကြာပင်လမ်းနှင့် ရွှေပြည်တော်ဝင်လမ်းကြား လမ်းမျက်နှာပြင် မညီညာခြင်းအား ကျောက်ကတ္တရာဖြင့် ပြုပြင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ပြီး လုပ်ငန်းအပိုင်းလိုက် အမြန်ပြီးစီးအောင် အင်တိုက်အားတိုက် ဆောင်ရွက်ရေး၊ လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့ကို စနစ်တကျ ဆောင်ရွက်သွားရန်မှာကြားသည်။

ရေရှည်တည်တံ့စေရန် ပြုပြင်ထိန်းသိမ်း

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ကံ့ကော်အိမ်ရာ တိုက်အမှတ် ၂၂၃၊ ဗလ သိဒ္ဓိရပ်ကွက် တိုက်အမှတ် ၂၃၉၂၊ သုခသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၃၃၉၈/ ၃၃၉၉ တိုက်များ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင် နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအဆင့်ဆင့်ကို အမြန်ပြီးစီးစေရန်နှင့် ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)