Skip to main content

တောင်ကြီးမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်လှစ်

တောင်ကြီး        နိုဝင်ဘာ       ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီး - ဟိုပုံးသွား ပြည်ထောင်စုလမ်းမ ကြီးဘေးရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲဆိုင်းဘုတ်အား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး တို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်ဥပဒေချုပ် ဦးတင်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြ သည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ ဖွင့်ပွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဂတိလိုက်စားမှုသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေး စေခြင်း၊ သဘာဝသယံဇာတပစ္စည်းများ မှားယွင်းသည့် စီမံခန့်ခွဲမှုကို ဖြစ်ပေါ်စေခြင်း၊ ဆင်းရဲမှုကို တာရှည်စေခြင်း၊ လူတန်းစား မညီမျှမှုဖြစ်ပေါ်စေခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံ မှုမရှိသောအုပ်ချုပ်မှုနှင့် စီးပွားရေး ပတ်ဝန်းကျင်ဖြစ်ပေါ်စေခြင်း၊ ဒုစရိုက်မှုများ ဖြစ်ပေါ်စေခြင်းဖြင့် ပြည်သူများအတွက် လုံခြုံမှုမရှိသည့် လူ့အဖွဲ့အစည်း တရပ်ဖြစ်ပေါ်စေခြင်း စသည့်ဆိုးကျိုးများ ရရှိစေပါကြောင်း၊ နိုင်ငံတော်သည် ဘက်စုံဖွံ့ဖြိုးတိုးတက် သည့် ပါတီစုံဒီမိုကရေစီနိုင်ငံဖြစ်ပေါ်စေရေး ဦးတည်ဆောင်ရွက် လျက်ရှိရာ အဟန့်အတားသဖွယ် ဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိ လိုက်စားမှုကို ထိရောက်စွာထိန်းချုပ်တားဆီးနိုင်ရန်နှင့် လျှော့ချနိုင်ရေးအတွက် ကော်မရှင်တခုတည်း အကောင် အထည်ဖော် ဆောင်ရွက်၍မရဘဲ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်သူများမှလည်း ပူးပေါင်း ဆောင်ရွက်ကြမှသာ အဂတိလိုက်စားမှုအဆင့် သိသာစွာ လျှော့ကျလာမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသည့် တိုင်ကြားစာစုစုပေါင်း (၂၉၉ ) စောင်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် သက်ဆိုင်ခြင်းမရှိသည့် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ မြေယာ ကိစ္စ၊ တရားစီရင်ရေးတို့နှင့် သက်ဆိုင်သော တိုင်ကြားစာများအား လိုအပ်သလိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်းသည့်တိုင်ကြားစာ(၁၂)စောင်ပေးအပ်ခဲ့ကြောင်းကို ကော်မရှင် နှစ်ပတ်လည်အစီရင်ခံစာအရ သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်တွင် တတိယရုံးခွဲကို လာရောက်ဖွင့်လှစ်ခြင်းအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့ အကျိုးစီးပွားအတွက်ကော်မရှင်နှင့် လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြော ကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်က အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြရာ စုံစမ်းစစ်ဆေးအရေးယူရေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင် ဥက္ကဋ္ဌမှ အဂတိလိုက်စားမှုများရှိပါက လုံးဝသည်းခံခွင့်မလွှတ်ရန်   (Zero Tolerance)ဟု မူဝါဒချမှတ် လမ်းညွှန် မှာကြားထားပါကြောင်း၊ လက်ရှိကော်မရှင်၏ သက်တမ်း(၃)နှစ်တာ ကာလအတွင်း စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူနိုင်မှု အခြေအနေမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကော်မရှင်သို့ ပေးပို့လာသည့် တိုင်ကြားစာပေါင်း (၂၅၃၁၄)စောင်တွင် ကော်မရှင်က (၂၀၂)စောင်အားစုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ပြီး စုံစမ်းစစ်ဆေးပေါ်ပေါက်သည့် တိုင်ကြားစာ (၇၁)စောင်ရှိရာ လူပုဂ္ဂိုလ်ပေါင်း (၁၅၆)ဦးအား ကော်မရှင် ဥပဒေအရအရေးယူသွားနိုင်ရန်အမှုပေါင်း (၁၇၀)မှုကိုတရားစွဲ တင်ပို့ထားပြီး ဖြစ်ပါကြောင်း၊ တရားစွဲဆိုခံထားရသူများ တွင်လုပ်ပိုင်ခွင့်အာဏာရှိသူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အဆင့်မှ ပြည်နယ်ဝန်ကြီးချုပ်အဆင့်ထိပါဝင်သည်ကို အများပြည်သူတို့သိရှိပြီးဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်(တောင်ကြီး) ရုံးခွဲ မှာ တတိယမြောက်ရုံးခွဲအဖြစ် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ စတုတ္ထမြောက်ရုံးခွဲ အဖြစ် မော်လမြိုင်ရုံးခွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး တောင်ကြီးရုံးခွဲ ဖွင့်လှစ်နိုင်သဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုလျှင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်းနှင့် အဆိုပါဒေသများရှိ အဂတိတိုက်ဖျက်ရေး လုပ်ငန်းများ လျှင်မြန်စွာဆောင်ရွက်နိုင်ရန် တိုင်ကြားစာများကိုလည်း တောင်ကြီးရုံးခွဲသို့ စတင်ပေးပို့နိုင်ပါကြောင်း၊ ပြည်သူလူထု အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို လာရောက်ဆွေးနွေးနိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(တောင်ကြီး)ရုံးခွဲ အဆောက်အဦအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးစိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းအား ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က အမွှေးနံ့သာရည်ပက်ဖျန်းပေးကြပြီး အဆောက်အဦအား လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)