နေပြည်တော် နိုဝင်ဘာ ၁၈
နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ကွန်ဟိန်းမြို့နယ် ကာလိမြို့တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်များ နိုဝင်ဘာ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များသည် နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲခန့်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်ချို-မန္တလေးသွား ကားလမ်း ရွှေညောင်ပင်ကျေးရွာအဝင်တွင် သတင်းရရှိထားသည့် သီပေါမြို့နယ်မှ မန္တလေးမြို့သို့ ချစ်မျိုးခိုင် မောင်းနှင်ပြီး စိုးခိုင်လိုက်ပါသော မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်ကိုယ်ထည် ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ် သယ်ဆောင် လာသည့် ဘိန်းဖြူ ၁၄ ဒသမ ၃ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၁၆၀၀၀ တို့ကို သိမ်းဆည်း ရမိခဲ့ပြီး ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
အလားတူ သတင်းအရ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျော်ဆန်း မောင်းနှင်လာသည့် မော်တော်ယာဉ်ကို စိစစ် ရှာဖွေရာ အိုက်စ် ၈၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော အိုက်စ်များပိုင်ရှင် မှာ မိုင်းရှူးမြို့ အမှတ်(၄) ရပ်ကွက်နေ လောက်ဆိုင် ဖြစ် ကြောင်း သိရှိရသဖြင့် ညနေ ၅ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် လောက်ဆိုင်အား ၎င်းနေအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်