နေပြည်တော် ဇန်နဝါရီ ၃၁
ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာ မြှင့်တင်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ယနေ့ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမဏ္ဍိုင်သည် Digital Transformation ဖြစ်ပြီး AI စသော ထွန်းသစ်စဒစ်ဂျစ်တယ် နည်းပညာများသည် အံ့မခန်းလျင်မြန်စွာ ပြောင်းလဲတိုးတက် လာနေပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း Agro-based Industries၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေးတို့တွင် ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိ ထိရောက်စွာအသုံးချနိုင် ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာဒစ်ဂျစ်တယ် စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ ပါ သက်ဆိုင်ရာ မဟာဗျူဟာမဏ္ဍိုင်များအလိုက် မဟာဗျူဟာပန်းတိုင် များပြည့်မီအောင် လုပ်ငန်းစဉ်များကို သတ်မှတ်ကာလများအတွင်း ပြီးမြောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးကို အမှန်တကယ် အထောက်အကူပြုနိုင်ပြီး လူငယ်များ၏ စိတ်ဓာတ်နှင့် စွမ်းရည်များကို ထိန်းကျောင်းမြှင့်တင်ပေးနိုင်မည့် Digital Platform များကို တည်ထောင်သွားရန်၊ ဒစ်ဂျစ်တယ် နည်းပညာ ဆန်းသစ်ဖန်တီးမှုများကို အခြေခံသည့် စွန့်ဦးတီထွင် ဂေဟရပ်ဝန်းတစ်ရပ် ပေါ်ပေါက်လာစေရေး၊ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သော ပြည်သူ့အခြေပြု ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရေးအတွက် စံနှုန်းပြည့်မီသော ဒစ်ဂျစ်တယ်လူငယ်ပညာရှင်များ စဉ်ဆက်မပြတ် ပျိုးထောင်ပေးသွားရန်၊ နည်းပညာအရွေ့များကို လိုက်မီ သော AI၊ Cybersecurity နှင့် Digital Citizenship သင်တန်း များ၊ Digital Ethics အသိပညာပေးပွဲများ မြှင့်တင်ဆောင်ရွက်သွားရန်၊ ဒေသအကျိုးပြုဒစ်ဂျစ်တယ် စီမံကိန်းများကို ဟန်ချက်ညီညီပေါင်းစပ်၍ နိုင်ငံ့အကျိုးပြု ဒစ်ဂျစ်တယ်စီမံကိန်း ကို အကောင်အထည်ဖော်ဆောင် နိုင်သည်အထိ နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုပြီး ဌာနများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းတို့မှ Digital Stakeholders များအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြင်ပအဖွဲ့အစည်းများ ဖြစ်ကြသော UMFCCI၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း၊ Myanmar Digital Economy Association တို့မှ ဥက္ကဋ္ဌများက မဟာဗျူဟာ ပန်းတိုင်များ ပြည့်မီစေရေး လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အစီအစဉ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်း ပြည်ပ ပူးပေါင်းဆောင်ရွက်မှုများ၊ ဒစ်ဂျစ်တယ် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် AI အသိပညာပေးပွဲများ ကျင်းပသွားနိုင်ရေး၊ ကောက်ယူပြီးသော ဒစ်ဂျစ်တယ် စစ်တမ်းများနှင့် သုတေသနပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
