Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရား၊ စေတီများ ပြန်လည်ပြုပြင်ထိန်းသိမ်းမှု လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၃၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယ ဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုရား၊ စေတီတော်များ ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများကို လိုက်လံ ကြည့်ရှုသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ် ပြိုင်အင်းအုပ်စုဗျိုင်းအင်းကျေးရွာ ပြိုင်အင်းရှေးဟောင်းဆုတောင်းပြည့်စေတီတော်သို့ ရောက်ရှိရာ စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းဆက်ကပ်ပြီး ပြိုင်အင်း ရှေးဟောင်း ဆုတောင်းပြည့်စေတီတော်ဂေါပကနှင့် တာဝန်ရှိသူများက ရှေးဟောင်းဘုရားသမိုင်းဝင်သည့် စေတီတော်များ ငလျင်ဒဏ်သင့်မှုအခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။

ထို့နောက် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းဆုတောင်းရစေတီတော်နှင့် ရဟန္တာသိမ်တော်ကြီးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြုပြင်ထိန်းသိမ်းမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ မူလလက်ရာများအတိုင်း ပြင်ဆင်ထိန်းသိမ်းရေး၊ ငလျင်ဒဏ်ရစ်ချ်စတာစကေး ၈ အဆင့်ခံနိုင်အောင် ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး ဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရသေ့ကြီးဦးခန္တီ၏ ဇာတိမြေနေရာ နေပြည်တော် တပ်ကုန်းမြို့နယ် ပျော်ရွာ ပိတောက်ကုန်းကျေးရွာရှိ ရသေ့ကြီးဦးခန္တီ တည်ထားခဲ့သော အိမ်တော်ရာ မဟာစေတီတော်မြတ်ကြီးသို့ရောက်ရှိရာ ဦးခန္တီကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တခေမာစာရအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရသေ့ကြီး ဦးခန္တီအိမ်တော်ရာ မဟာစေတီတော်မြတ်ကြီး ရှေးမူမပျက်မူလအတိုင်း ပြန်လည်ပြုပြင်မွမ်းမံပြီးစီးမှုအခြေအနေအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။

ထို့နောက် ရသေ့ကြီးဦးခန္တီ တည်ထားခဲ့သော မဟာစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ တာဝန်ရှိသူများက စေတီတော်မြတ်ကြီး၏သမိုင်းကြောင်းများ၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများနှင့် ပြန်လည်ပြုပြင်မွမ်းမံမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရသေ့ကြီး ဦးခန္တီစေတီတော်ကြီး၊ တန်ဆောင်း လျှောက်လမ်း၊ လျောင်းတော်မူရုပ်ပွားတော်၊ မှတ်တမ်းကျောက်စာ၊ ဗုဒ္ဓဝင်ပန်းချီကားချပ်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ ရသေ့ကြီးဦးခန္တီအိမ်တော်ရာ ဘုရားထိုင်တော်မူရုပ်ပွားတော်၊ ရပ်တော်မူဘုရားတို့ကို ကြည့်ရှုကြည်ညိုသည်။

ဆက်လက်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရသေ့ကြီးဦးခန္တီ တည်ထားခဲ့သော အရိမေတ္တယျရပ်တော်မူရုပ်ပွားတော်ကြီး ပြန်လည်တည်ထားမည့်အခြေအနေနှင့် ထိုင်တော်မူရုပ်ပွားတော်များ ပြန်လည်ပြုပြင်မွမ်းမံ ပြီးစီးမှုအခြေအနေကို ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရပ်တော်မူရုပ်ပွားတော်ကြီးနှင့် ထိုင်တော်မူရုပ်ပွားတော်များ ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့်စပ်လျဉ်း၍ ရှေးမူမပျက်ဘဲ ရသေ့ကြီးဦးခန္တီတည်ထားခဲ့သည့် အတိုင်းပြန်လည်ပြုပြင်မွမ်းမံရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပြီးရသေ့ကြီး ဦးခန္တီသီတင်းသုံးသည့်ကျောင်းကို ကြည့်ရှုကာ ကျောင်းနေဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်