နေပြည်တော် ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၀၂၂ ခုနှစ် ဇူလိုင်၂၃ ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့်ရှိသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာသြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်။
အထက်ပါ ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ယခုအသက် ၃ နှစ် ၆ လသားအရွယ်တွင် အရပ်အမြင့် ၅ ပေ ၅ လက်မ ၊ ကိုယ်လုံးလုံးပတ် ၈ ပေ ၂ လက်မ ၊ ကိုယ်အလေးချိန်ပေါင် ၁၆၇၀ ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့််သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
