နေပြည်တော် ဇန်နဝါရီ ၂၁
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့ တင်ပြလျှောက်ထားခြင်းကို ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker ၊ မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Sam-Bloom Cooper နှင့် Ms. Leigh Lawrie တို့က တုန့်ပြန်ချေပလျှောက်လဲခဲ့ကြသည်။
ဆက်လက်၍လည်း မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Stefan Talmon က မြန်မာနိုင်ငံသည် ဘင်္ဂါလီများဖိနှိပ်ရန် အမုန်းစကားဖြန့်ချိမှုကို အစိုးရ သို့မဟုတ် တပ်မတော်က ဦးစီးဆောင်ရွက်ခဲ့သည့်အတွက် ဘင်္ဂါလီများကို မျိုးသုဉ်းစေလိုသည့် ရည်ရွယ်ချက်ရှိကြောင်း ဂမ်ဘီယာ၏ လျှောက်လဲမှုနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Mironက အပြစ်ပေးရန်ပျက်ကွက်မှုနှင့် သက်သေအထောက်အထားများ ဖျက်ဆီးမှုဆိုင်ရာစွပ်စွဲချက်များနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ရှေ့နေ Sam- Bloom Cooper က သက်သေပြရန်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံ၏ရှေ့နေ Ms. Alina Miron က ဂမ်ဘီယာက မြန်မာနိုင်ငံအနေဖြင့် လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်မှုမရှိစေရေးနှင့် ကျူးလွန်သူများအား အပြစ်ပေးရန်နှင့် ဥပဒေပြဋ္ဌာန်းရန်ပျက်ကွက်သည်ဟု စွပ်စွဲချက်နှင့် ပတ်သက်၍ လည်းကောင်း ၊ မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Stefan Talmon က ဂမ်ဘီယာဘက်မှ စွပ်စွဲတောင်းဆိုထားသည့် ဥပဒေရေးရာနောက်ဆက်တွဲကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း တုံ့ပြန်ချေပ လျှောက်လဲခဲ့ကြကြောင်း သတင်းရရှိသည်။
