Skip to main content

မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများပြတ်ပြတ်သားသား ချေမှုန်းတိုက်ဖျက်

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ပစ္စည်းကိရိယာများကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသတင်း၏ နောက်ဆက်တွဲသတင်းအရ အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများမှာ ပမာဏကြီးမားသည့် လုပ်ငန်းများဖြစ်ပြီး သမိုင်းစဉ်တစ်လျှောက် အများဆုံးသိမ်းဆည်း ရမိခြင်းဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မိုင်းရယ်မြို့နယ်အတွင်း နေရာသုံးနေရာမှ ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများမှာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ရသည်။

အခြား ထူးခြားသည့်အချက်တစ်ခုမှာ အဆိုပါမူးယစ်ဆေးဝါးလုပ်ငန်းများတွင် ၎င်းဒေသ၌ လှုပ်ရှားလျက်ရှိသော SSA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ ပါဝင်ပတ်သက်နေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများသည် စက်ရုံ စနစ်ဖြင့် ပမာဏများစွာ ထုတ်လုပ်နေခြင်းဖြစ်ပြီး သိမ်းဆည်းရမိသည့် ဓာတုပစ္စည်းများနှင့် ပစ္စည်းကိရိယာများ၏ ပမာဏအနေအထားတို့အရ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွဆေးပြား သန်း ၈၁ဝ ထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများ တန်ဖိုးငွေအားဖြင့်ကျပ် ၅၄၀ ဘီလီယံကို ပုံမှန်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် သိမ်းဆည်းရမိသော ထုပ်ပိုးခွံအထောက်အထားများအရ ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်ပမာဏ၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းမှာ ယခုသိမ်းဆည်းရမိခဲ့သောနေရာများအနက် နှစ်နေရာမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်း များ ပါဝင်ပတ်သက်နေသည့် အွန်လိုင်းငွေလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုလုပ်ငန်းများမှာ ၎င်းလက်နက်ကိုင် သောင်းကျန်းသူ ခေါင်းဆောင်ပိုင်းတို့ ချမ်းသာကြွယ်ဝရန်ဖြစ်သကဲ့သို့ ၎င်းအဖွဲ့များ၏ ရပ်တည်ရေး၊ လက်နက်ခဲယမ်း မီးကျောက်များဝယ်ယူရေးတို့အတွက် အရေးပါသော ငွေကြေးဝင်ငွေလမ်းကြောင်းများပင်ဖြစ်သည်။ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာပြီး တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးများ ဒေသအနှံ့အပြား၌ ဆောင်ရွက်နေရချိန်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ၊ သယ်ဆောင်ရောင်း၀ယ်မှုများ၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများမှာ ပွဲလန့်တုန်း ဖျာခင်းနိုင်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့လုပ်ရပ်များကြောင့် မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေကြေးလိမ်လည်လောင်းကစားလုပ်ငန်းများနှင့်စပ်လျဉ်းပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မျက်နှာပျက်စရာဖြစ်ခဲ့ရသလို အမျိုးသားရေး ဂုဏ်သိက္ခာ ကျဆင်းစရာလည်းဖြစ်ရသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လည်းကောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစား လုပ်ငန်းများကိုလည်းကောင်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ခံယူ၍ ပြတ်ပြတ်သားသား ချေမှုန်းတိုက်ဖျက် လျက်ရှိသည်။ ဥပဒေနှင့်ငြိစွန်းသော ယင်းလုပ်ငန်းများသည် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများနှင့် လူပုဂ္ဂိုလ်အရဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ပါဝင်ပတ်သက်နေကြပြီး ၎င်းတို့၏ ငွေပင် ငွေရင်းများအဖြစ် သက်ဆိုးရှည်နေစေသည်။ ထို့အပြင် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှု၊ တရားမဝင်ကုန်သွယ်မှု၊ လူမှောင်ခိုကုန်ကူးမှုအစရှိသည့် ဒုစရိုက်မှုများကိုပါ ဆက်စပ်ဖြစ်ပေါ်စေသည်။ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေပြီး အမျိုးသားဂုဏ်သိက္ခာကို ထိပါးစေသည့် အဆိုပါရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုသည် အရေးပါသည့်အလျောက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းအပ် ပါကြောင်း။ ။