နေပြည်တော် ဇန်နဝါရီ ၅
အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ်ခိုင်းစေခြင်း၊ တရုတ်အမျိုးသားနှင့် အတူနေစေခြင်းမှရရှိသော ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ရပ်ကွက် (၂) ကျိုင်းကာရပ်နေ ကိုစိုင်းဆောင်းလှိုင် (ခ) ကိုမျိုး၊ မိုင်းဆတ်မြို့ ဝိန်းနေရွာနေ ဦးလွန်းထွန်း (ခ) ဦးထွန်းလှိုင်၊ ကျိုင်းတုံမြို့ ရပ်ကွက် (၂) ဆောင်းပျက်ရပ်နေ ဒေါ်နန်း ဝိုးကျောက်နှင့် ရပ်ကွက် (၂) ကျိုင်းကာရပ်နေ ဒေါ်နန်းအွေ့တို့က ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့နေ အမျိုးသမီးသုံးဦးတို့ကို မိုင်းဖျဲန်မြို့တွင် အလုပ်ရမည်၊ အလုပ်လုပ်ရင် လုပ်သလောက်ရမည်၊ နေစရိတ်စားစရိတ်ပူစရာမလိုဟု လိမ်လည်ပြောဆိုစည်းရုံး၍ တရုတ်အမျိုးသားတစ်ဦးနှင့်အတူနေရန် (အပျိုစင်ဖျက်ရန်) ပြုလုပ်စေခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့ခြင်း၊ လုပ်ခလစာမပေးဘဲ ညှဉ်းပန်းရိုက်နှက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကျိုင်းတုံမြို့မရဲစခန်း (ပ) ၂၀၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ရာ ကျိုင်းတုံခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် စိုင်းဆောင်းလှိုင် (ခ) ကိုမျိုးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်၊ ဒေါ်နန်းဝိုးကျောက်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဦးလွန်းထွန်း (ခ) ဦးထွန်းလှိုင်၊ ဒေါ်နန်းအွေ့တို့ နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် ၆၃ ဘီလမ်းနေ မခင်မျိုးဆက် (ခ) ဆက်ဆက်မှ (ပန်းကလေး) Tik Tok အကောင့်ဖြင့် မန္တလေးမြို့ရှိ စားသောက်ဆိုင်၊ စင်တင်နှင့် KTV တို့၌ အလုပ်လုပ်ရမည်ဖြစ်၍ မန္တလေးမြို့သို့ လာရောက်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အမျိုးသမီးငယ် ကိုးဦးတို့ကို ခေါ်ဆောင်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ဧရာထွန်း (ဆ) ရပ်ကွက်နေ မသော် (ခ) သော်ဇင်မိုး၊ ခင်ပွန်းဖြစ်သူ သူရိန် (လိပ်စာတူ) တို့၏ ချိတ်ဆက်မှုဖြင့် ချမ်းမြသာစည်မြို့နယ် သံလျှက်မှော်ရပ်ကွက်၊ အကွက်အမှတ် (၄၆၅) နေ မခင်သီတာဝင်း (ခ) မမိုးမိုး၊ ခင်ပွန်းဖြစ်သူ ကိုခိုင်ဝင်း (ခ) အငယ်ကောင် (လိပ်စာတူ) တို့၏ ပြည့်တန်ဆာအိမ်သို့ ပို့ဆောင်ပေးခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) မြို့မရဲစခန်း (ပ) ၅၇/၂၀၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မဟာအောင်မြေခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် မခင်သီတာဝင်း (ခ) မိုးမိုး၊ ကိုခိုင်ဝင်း (ခ) အငယ်ကောင်၊ မသော် (ခ) သော်ဇင်မိုး၊ သူရိန်နှင့် မခင်မျိုးဆက် (ခ)ဆက်ဆက်တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
