Skip to main content

ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသည့် MSME စျေးရောင်းပွဲတော်တွင် ဝယ်ယူအားပေးသူပြည်သူများဖြင့် အထူးစည်ကား

ရန်ကုန် ဇန်နဝါရီ ၄

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော် စျေးဆိုင်ခန်းများတွင် နိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူအားပေးသူ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

စျေးရောင်းပွဲတော်တွင် ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချနေမှု၊ ပြည်သူများ ဝယ်ယူအားပေးနေမှုကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ကြည့်ရှုအားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ဆိုင်ခန်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၃၅၀ ကျော် ပါဝင်ပြသရောင်းချကြကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ရင်ပြင်အလယ်ရှိ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂီတဖျော်ဖြေရေးမဏ္ဍပ်၌လည်း တေးသံရှင်များ၊ DJ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ပွဲတော်လာပရိသတ်အကြိုက် မြူးကြွစွာသီဆိုဖျော်ဖြေပေးကြသည့်အတွက် ပွဲတော်လာပြည်သူများက အတူတကွ လိုက်ပါသီဆို ကခုန်၍ ပျော်ရွှင်စွာဆင်နွှဲကြသည်။

ထို့အတူ ပြည်သူများပွဲတော်သို့လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် မော်တော်ယာဉ်များ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည့်အပြင် သန့်ရှင်းပြီး စည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများ၊ Mobile Toilet များကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်။

ယနေ့ညပိုင်းတွင် ပွဲတော်ကျင်းပရာ ပြည်သူ့ရင်ပြင်၌ ၂၀၂၆ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများလည်း ပစ်ဖောက်ခဲ့ကြောင်း သိရသည်။ 

ဇော်မင်းလတ် -MNA