နေပြည်တော် ဇန်နဝါရီ ၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃)နှင့် (၄) တို့၌ ကျင်းပသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ကျင်းပရာ လွန်ဆွဲ (အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲစဉ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းတို့ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးနှင့် ဦးမြင့်ထွေးတို့ကလည်းကောင်း၊ တတိယဆုရရှိခဲ့သည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ကို ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့ကလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းတို့ကို ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် ဦးလှအောင်တို့ကလည်းကောင်း၊ ပထမဆုရရှိခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ကို အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူတို့ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
အလားတူ လေ့ကျင့်ရေးကွင်း အမှတ်(၄)၌ ဝန်ကြီးဌာနပေါင်းစုံထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ တတိယလုပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၁၂ မှတ် လေးမှတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းကို ၃၀ မှတ် ကိုးမှတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။
ပြိုင်ပွဲများအပြီးတွင်ဝန်ကြီး ဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုး သမီး)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိခဲ့သည့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူကလည်းကောင်း၊ တတိယဆုရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်ကလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်ကလည်းကောင်း၊ ပထမဆုရရှိခဲ့သည့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင် မျိုးတို့ကလည်းကောင်းဆုများ ပေးအပ်ချီးမြှင့်သည်။
ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ ပူးပေါင်းဆောင်ရွက်မှုရှိစေရေး၊ လုပ်ငန်းခွင်ပျော်ရွှင်စေရေးနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ ပြုလုပ်နိုင်စေရေးတို့အတွက်ရည်ရွယ်၍ ၂၀၂၆ ခုနှစ် (၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်(အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲနှင့် ပြေးခုန်ပစ်(မီတာ ၁၀၀၊၂၀၀၊ ၄၀၀၊ ၈၀၀) အပြေးပြိုင်ပွဲများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)၊ (၃)နှင့် (၄)တို့၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
