Skip to main content

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၇

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁၃:၀၀ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးတက်ရောက်၍ အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ ဖိတ်ကြားထားသော ဒုတိယဝန်ကြီးများ၊ ရွေးကောက်ပွဲလာရောက်စောင့်ကြည့်လေ့လာကြမည့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး”၊ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး" တို့သည် ရွေးကောက်ပွဲကော်မရှင်၏ အဓိကတာဝန်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရန်၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး လွှတ်တော်သည်လည်း သိက္ခာရှိသည့် လွှတ်တော်ဖြစ်ရမည်ဖြစ်ကြောင်း လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံများသို့ အလုပ်သဘောခရီးသွားရောက်ခဲ့ရာတွင် နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များထံမှ မိမိတို့ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ထောက်ခံအားပေးမှုများ ရရှိခဲ့သလို နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါကြောင်း၊

အဆွေတော်တို့ လာရောက်လေ့လာမှုသည် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ပြသရာရောက်ပါကြောင်း၊ ယခုရွေးကောက်ပွဲသည် မိမိတို့နိုင်ငံသမိုင်းတွင် ဒီမိုကရေစီမှတ်တိုင်တစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်ကိုအသုံးချပြီး နိုင်ငံ၏အနာဂတ်လမ်းကြောင်းကို ဆုံးဖြတ်ပေးနိုင်မည့် အချိန်အခါလည်းဖြစ်ပါကြောင်း၊

ဧည့်သည်တော်များကို ယခုကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အဓိကအချက် ၃ ချက်ကို ရှင်းလင်းပြောကြားလိုပါကြောင်း၊ ပထမအချက်မှာ ရွေးကောက်ပွဲစနစ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတည်ပြုပြဋ္ဌာန်းပြီးသည့်နောက် အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပြီး အဆိုပါရွေးကောက်ပွဲများတွင် လွှတ်တော်သုံးရပ်လုံးကို နိုင်သူအကုန်ယူစနစ် (First Past the Post System - FPTP) ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၌ FPTP စနစ်ကို အသုံးပြုမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့တွင် ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional System - MMP) ကို ကျင့်သုံးမည်ဖြစ်ပါကြောင်း၊ MMP စနစ်ဆိုသည်မှာ မတူညီသည့်ရွေးကောက်ပွဲစနစ်များ ဖြစ်သည့် FPTP စနစ်နှင့် PR စနစ်တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါကြောင်း၊ FPTP စနစ်တစ်ခုထဲကျင့်သုံးပါက ကိုယ်စားလှယ်နေရာအများစုကို မဲအများဆုံးရသည့် ပါတီကြီးများက ရရှိမည်ဖြစ်ပြီး PR စနစ်နှင့် ပေါင်းစပ်ကျင့်သုံးသည့်အတွက် ပါတီငယ်များလည်း ကိုယ်စားလှယ်အထိုက်အလျောက်ရပြီး လွှတ်တော်ထဲကို ရောက်ရှိမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် FPTP စနစ်၏ အားသာချက်များနှင့် PR စနစ်၏ ကောင်းကျိုးများကို ရရှိမည်ဖြစ်ပါကြောင်း၊

ဒုတိယအချက်မှာ မဲပေးရမည့်ပုံစံ ဖြစ်ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် ကြိုတင်မဲများမှ လွဲ၍ မဲရုံများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) စက်များကို အသုံးပြုမဲပေးရမည်ဖြစ်ပါကြောင်း၊ MEVM စက်များကို နိုင်ငံတကာတွင် အသုံးပြုနေကြသည့် မဲပေးစက်များကိုလေ့လာပြီး မိမိတို့နိုင်ငံနှင့် အသင့်လျော်ဆုံးဖြစ်အောင် မြန်မာပညာရှင်များက တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ MEVM စက်များကို အသုံးပြုခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ ပယ်မဲမရှိခြင်း၊ မဲရလဒ်များကို လျင်မြန်စွာထုတ်ပြန်နိုင်ခြင်း စသည့် အကျိုးရလဒ်ကောင်းများအပြင် မဲမသမာမှုများ ဖြစ်နိုင်မည်မဟုတ်ပါကြောင်း၊ မဲပေးစက်တွင် ပြင်ပနှင့်ချိတ်ဆက်နိုင်သည့် USB Port များ မပါဝင်ခြင်း၊ Wi-Fi ၊ Bluetooth စနစ်နှင့် Internet ကွန်ရက်စနစ်များမပါဝင်သဖြင့် လုံခြုံစိတ်ချရမှုရှိပါကြောင်း၊

မဲဆန္ဒရှင်ပြည်သူများကို မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျေးလက်တောရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားပါကြောင်း၊ ၎င်းအပြင် မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေးနှင့် အထူးသဖြင့် အမြင်အာရုံမသန်စွမ်းသူများ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရေးအတွက် မျက်မမြင်လက်စမ်းစာ(Braille)ကို အခြေခံသည့် MEVM စက်ကို တီထွင်ပြုလုပ်ထားပါကြောင်း၊ အမြင်အာရုံမသန်စွမ်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူများအနေဖြင့် ကိုယ်တိုင် သို့မဟုတ် လိုအပ်ပါက မသန်စွမ်းသူကိုယ်တိုင် ရွေးချယ်သည့် အကူလူပုဂ္ဂိုလ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ မဲပေးစက်၏အရည်အသွေးနှင့် စံချိန်စံညွှန်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံ အမျိုးသားစံချိန် စံညွှန်းကောင်စီကလည်း အသိအမှတ်ပြုထားပြီးဖြစ်ပါကြောင်း၊

တတိယအချက် အနေဖြင့် အပိုင်းလိုက် ရွေးကောက်ပွဲပြုလုပ်မည့်အစီအစဉ်ဖြစ်ပါကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲနေ့ရက်ကို တစ်နိုင်ငံလုံးအနေဖြင့် ရုံးပိတ်ရက် တစ်ရက်တည်း သတ်မှတ်ကျင်းပခဲ့ပါကြောင်း၊ ယခုရွေးကောက်ပွဲတွင် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် အပိုင်း ၃ ပိုင်းခွဲကျင်းပခြင်းဖြစ်ပါကြောင်း၊ အပိုင်း (၁) ကို ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း (၂) ကို ၁၁-၁-၂၀၂၆ ရက်နေ့တွင် မြို့နယ် ၁၀၀ မြို့နယ်နှင့် အပိုင်း (၃) ကို ၂၅-၁-၂၀၂၆ ရက်နေ့တွင် မြို့နယ် ၆၃ မြို့နယ်၌ ကျင်းပမည်ဖြစ်ပါကြောင်း၊

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် စနစ်တကျပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ မဲစာရင်းပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်းဆောင်ရွက်ရာတွင် ကွန်ပျူတာနည်းပညာကိုအသုံးပြုပြီး ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Central Voter List Management System - CVLMS) နှင့် မြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (Admin and DEO Software) တို့ကို ပြည်တွင်းနည်းပညာရှင်များကရေးဆွဲ၍ မဲစာရင်းထပ်ခြင်း၊ မှားယွင်းခြင်းမရှိစေရန် စနစ်တကျဆောင်ရွက်ခဲ့ပါကြောင်း၊ မဲစာရင်းများကိုလည်း သုံးကြိမ်တိတိ ကပ်ထားကြေညာခဲ့ပါကြောင်း၊ ပြည်သူအားလုံးပါဝင်မှုရှိစေရန်အတွက် ပထမဆုံးအကြိမ် မဲပေးမည့်မဲဆန္ဒရှင်လူငယ်များ၊ ယာယီနေရပ်စွန့်ခွာနေရသူများနှင့် မသန်စွမ်းသူများအားလုံး ပါဝင်စေရန်အသိပညာပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ဖြည့်စွက်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် ကိုယ်စားလှယ်လောင်း ၄၈၆၃ ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအားလုံးကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲဆွယ်စည်းရုံးခွင့်များကို တန်းတူညီမျှ ခွင့်ပြုပေးခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၂၁၅၁၇ ရုံရှိပြီး မဲရုံတစ်ရုံစီတွင် စနစ်တကျလေ့ကျင့်ထားသည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များရှိပါကြောင်း၊ မဲရုံများတွင် မဲဆန္ဒရှင်များအနေဖြင့် လွတ်လွတ်လပ်လပ်နှင့် ပွင့်လင်းမြင်သာစွာဖြင့် အဆင်ပြေလွယ်ကူစွာမဲပေးနိုင်ရေး ဆောင်ရွက်ပေးထားပါကြောင်း၊ မဲဆန္ဒရှင်များ၊ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများ လုံခြုံမှုရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရန် လုံခြုံရေးတာဝန်ယူထားသည့် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ထုတ်ပြန်၍ ထိရောက်သည့်ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်း ပြဋ္ဌာန်းပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ပါဝင်သူများ လုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးထားပါကြောင်း၊

ကော်မရှင်အနေဖြင့် စောင့်ကြည့်လေ့လာမှုများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အပြည့်အဝဆောင်ရွက်ထားပါကြောင်း၊ စောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ စောင့်ကြည့်လေ့လာပေးရန်နှင့် တက်ရောက်လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ထောက်ခံအားပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံများအား လက်တွေ့ရှင်းလင်းပြသခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာနကိုယ်စားလှယ်အဖွဲ့၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ကာဇက်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွာနိုင်ငံကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာ-ဂျပန်အသင်း(MJA) ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် ညနေပိုင်းတွင် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲများသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မဏိရတနာ ကျောက်စိမ်းခန်းမသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။