Skip to main content

(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စာပြန်သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးများက လာရောက်ဖူးမြော်ကြည်ညို

ရန်ကုန် ဒီဇင်ဘာ ၂၅

(၇၈)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ရန်ကုန်မြို့သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်တွင် စာမေးပွဲကျင်းပရာသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်ဇနီး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်နှင့် တာဝန်ရှိသူများက လာရောက်ဖူးမြော် ကြည်ညိုကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများသည် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ သီတင်းသုံးတော် မူလျက်ရှိသော တိပိဋကဓရ တိပိဋကကောဝိဒဩဝါဒါစရိယ ဆရာတော်ကြီး ကိုးပါးတို့အား ဖူးမြော်ကြည်ညို၍ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ် ပဓာနနာယက တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။       

ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မိုးကောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသထံမှ ဩဝါဒခံယူကြပြီး တိပိဋကဓရ တိပိဋကကောဝိဒဩဝါဒါ စရိယဆရာတော်ကြီးများထံ သင်္ကန်းစသော နဝကမ္မလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဩဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနာရဒါ ဘိဝံသထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်း အာဂုံပြန်ဆိုတော်မူကြသော တိပိဋကဓရ တိပိဋက ကောဝိဒ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည့် စာပြန်သံဃာတော်များအား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက် အထိ ၃၃ ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာစုစုပေါင်း ၅၂၆ ပါး ဝင်ရောက်ပြန်ဆို/ဖြေဆိုကြမည်ဖြစ်ကာ ယနေ့ တိပိဋကဓရ တိပိဋက ကောဝိဒစာမေးပွဲတွင် အဘိဓမ္မာ (ဒုတိယပိုင်း) စာပြန်သံဃာ တစ်ပါး၊ အဘိဓမ္မာ (ပထမပိုင်း) စာပြန်သံဃာ သုံးပါး၊ ဒီဃနိကာယ် စာပြန်သံဃာ တစ်ပါး၊ ဝိနည်း(ဒုတိယပိုင်း) စာပြန်သံဃာ ၃၅ ပါး၊ ဝိနည်း (ပထမပိုင်း) စာပြန်သံဃာအပါး ၃၀၊ စုစုပေါင်း အပါး ၇၀ တို့ အာဂုံပြန်ဆိုလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်