Skip to main content

ပြည်သူတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး တစ်တပ်တစ်အား အထောက်အကူပြုနိုင်သည့် လူငယ်အင်ဂျင်နီယာကောင်းများဖြစ်စေရေး အလေးထားကြိုးပမ်း

နေပြည်တော် ဒီဇင်ဘာ ၂၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ် (မှော်ဘီ)သို့ရောက်ရှိပြီး တက္ကသိုလ်ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဘာသာရပ်များအလိုက် မောင်မယ်သစ်လွင် ကြိုဆိုပွဲများတွင် ဖျော်ဖြေနိုင်ရန်အတွက် အကများလေ့ကျင့်လျက်ရှိကြသော ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးသည်။

ထို့နောက် ကျောင်းသား အဆောင်နှင့် ကျောင်းသူအဆောင်များသို့ သွားရောက်တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယဝန်ကြီးက အနာဂတ်နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် သူများဖြစ်၍ ကျောင်းသားဘဝ တန်ဖိုးရှိသော အားလပ်ချိန်များ၌ လက်ကိုင်ဖုန်းများသုံးစွဲကာ ကုန်ဆုံးစေမည့်အစား ဝါသနာတူရာအဖွဲ့လိုက် စာပေလေ့လာမှုများ၊ အနုပညာနှင့် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်သွားရန်၊ အင်ဂျင်နီယာပညာဒဿနအမြင်၊ စဉ်းစားဆင်ခြင်မှု၊ လေ့လာဆန်းစစ်တွေးခေါ်မှု၊ ကျင့်ဝတ်လိုက်နာ မှုနှင့် အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံရေးကြိုးပမ်းဆောင်ရွက်သွားရန်၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တစ်တပ်တစ်အား အထောက်အကူပြုနိုင်သည့် လူငယ်အင်ဂျင်နီယာ ကောင်းများဖြစ်စေရေး အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ ကျောင်းသား ကျောင်းသူများအား အားကစား ပစ္စည်းများ၊ သုတ/ရသ စာအုပ်များ ပေးအပ်သည်။

ယင်းနောက် အင်ဂျင်နီယာဌာန များအလိုက် လက်တွေ့ခန်းများ၊ အလုပ်ရုံများကို လှည့်လည်ကြည့် ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ကျောင်းသား အဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်၊ တက္ကသိုလ် Master Plan အတိုင်းဆောင်ရွက်ပြီးစီးမှု၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်