Skip to main content

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မည်

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲခဲ့သည့်အမွေဆိုးကြောင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း အထင်အမြင်လွဲမှားကာ ပြည်ထောင်စုကြီး၏ နယ်မြေဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားပြီး ယနေ့ထက်တိုင် တည်ငြိမ်အေးချမ်းမှုပျက်ပြားလျက်ရှိသည်။ အစိုးရအဆက်ဆက်အနေဖြင့် နိုင်ငံထာဝရငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်ခဲ့သော်လည်း ယနေ့ထက်တိုင်အောင် ထာဝရငြိမ်းချမ်းရေးနှင့် အလှမ်းမနီးသေးသည်ကို တွေ့ရမည်ဖြစ်သည်။

ခေတ်အဆက်ဆက်တွင် လွဲမှားသည့်အတွေးအခေါ်အယူအဆများနှင့် ပြည်ထောင်စုကြီးအကျိုးနှင့် တိုင်းရင်းသားပြည်သူများအားလုံးအကျိုးထက် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးအတ္တများကို ရှေ့တန်းတင်နေခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများနှင့် ဆူပူအကြမ်းဖက်မှုများသည် ယနေ့ကာလအထိ ရှည်ကြာနေပြီး မိဘပြည်သူ တိုင်းရင်းသားများ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေသည်မှာ စိတ်မကောင်း စရာဖြစ်သည်။ အစိုးရနှင့် တပ်မတော်က နိုင်ငံ၏ပကတိအနှစ်သာရဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်လျက်ရှိသည်။

သို့သော် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အမှန်ကို အမှန်အတိုင်း ရှုမြင်သုံးသပ်ခြင်းမရှိဘဲ လမ်းမှားပေါ်၌ပင် ဆက်လက်လျှောက်လှမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို အစဉ်အမြဲကြိုဆိုလျက်ရှိပြီး ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်လှစ်ပေးထားသည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုရှေးရှုလျက် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြပါရန် တိုက်တွန်းအပ်ပါသည်။ နိုင်ငံတော်အနေဖြင့် မည်သို့ပင်အခက်အခဲများ၊ အနှောင့်အယှက်များရှိသော်လည်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့နိုင်သည်။

ယခုအခါ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဦးတည်ချက်နှင့်အညီ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေပြီဖြစ်သည်။ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးနှင့် သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကလည်း ရွေးကောက်ပွဲကြီးအောင်မြင်စေရေး ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသူ နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရေး၊ လူတိုင်းကျန်းမာရေးကောင်းမွန်စေရေး၊ ပညာရေးကောင်းမွန်ပြီး အလုပ်အကိုင်များရရှိကာ လူတိုင်းဝင်ငွေရရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရေးစသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ တိုးတက်အောင်မြင်အောင် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းများကို တိုးတက်အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ပြီး နည်းပညာနှင့်ပေါင်းစပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိပြီး နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်တွင် အဓိကလိုအပ်လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝများတိုးတက်စေရေးနှင့် နေထိုင်ရာဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများပပျောက်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများအပါအဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။       ။