နေပြည်တော် ဒီဇင်ဘာ ၁၆
အခွန်အယူခံခုံအဖွဲ့ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ အခွန် အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင် ဦးကျော်ကျော်နှင့် ဦးဝင်းတင်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်နှင့် တာဝန်ရှိသူများ၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းဆွေးနွေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားပြီး အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန်၊ နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက် အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက အခွန်အယူခံခုံအဖွဲ့ ဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင်ပါဝင်သော အကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အခွန်အယူခံခုံအဖွဲ့ဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေး ပြင်ဆင်သည့် အချက်များသည် အခွန်အယူခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာ၌ အမှန်တကယ်လိုအပ်သောအချက်များဖြစ်ပြီး နိုင်ငံတော်၏အခွန်ဆိုင်ရာမူဝါဒကို အထောက်အကူပြုနိုင်ရန်အလို့ငှာ ပြင်ဆင်ပြဋ္ဌာန်းသင့်သော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အခွန်အယူခံခုံအဖွဲ့ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
