Skip to main content

အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ အပြည့်အဝကာကွယ်စောင့်ရှောက်ပေး

ပြည်ထောင်စုမြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီရှည်လျားခဲ့သော သမိုင်းကြောင်းတစ်လျှောက်၌ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် တင့်တယ်ဝင့်ကြွားထည်ဝါစွာ ရပ်တည်ခဲ့သောနိုင်ငံဖြစ်သည်။ လက်ရုံးရည်၊ နှလုံးရည်စွမ်းပကားဖြင့် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်ဟူ၍ လက်နက်နိုင်ငံတော်ကြီးများအဖြစ် ထူထောင်နိုင်ခဲ့ပြီး မြန်မာတို့၏ အောင်လံတော်သည် ဇမ္ဗူတစ်ခွင်၌ တလူလူလွှင့်၍ အောင်မြင်မှုအပေါင်းကို ဆောင်ကြဉ်းနိုင်ခဲ့သည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို အကာအကွယ်ပေးရေး၊ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးရေးတို့နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့အင်အားတောင့်တင်းခိုင်မာရေးအတွက် ကာကွယ်ရေးစွမ်းအားစုကြီးတစ်ရပ် ပိုင်ဆိုင်ထားရန်လိုအပ်သည်ကိုကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက်၌ လက်နက်နိုင်ငံထူထောင်နိုင်ခဲ့သည့် နိုင်ငံများ၏စွမ်းပကားများအား လေ့လာထောက်ရှုနိုင်မည်ဖြစ်သည်။ မျက်မှောက်ကာလတွင် လက်ရုံးရည်၊ နှလုံးရည်သာမက ခေတ်အလိုက် ပေါ်ထွန်းလာသောအတတ်ပညာ၊ နည်းပညာစွမ်းပကားများဖြင့် နိုင်ငံကာကွယ်ရေး စွမ်းပကားမြင့်မားလာအောင် နိုင်ငံအများစုက ထူထောင်နိုင်ကြပြီဖြစ်သည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် “တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် မျိုးချစ်ပြည်သူ့တပ်မတော်ဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုတပ်မတော်လည်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံတော်အပေါ် ကျရောက်လာသည့် ပြည်တွင်းပြည်ပအန္တရာယ်အမျိုးမျိုးကို ပြည်သူများနှင့်လက်တွဲပြီး အသက်သွေးချွေးများစွာ ပေးဆပ်ကာကွယ်စောင့်ရှောက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ အရေးကြုံလာတိုင်း ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်မှာ တပ်မတော်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အစဉ်ပြောင်းလဲဖြစ်ပေါ်တိုးတက်နေသည့် ခြိမ်းခြောက်စိန်ခေါ်မှုအမျိုးမျိုးကို အပြည့်အဝရင်ဆိုင်တုံ့ပြန်နိုင်အောင် တပ်မတော်(ကြည်း၊ ရေ၊ လေ)ဟူသည့် ကာကွယ်ရေးစွမ်းအားစုကြီးကို ခိုင်မာတောင့်တင်းပြီး စွမ်းရည်မြင့်မားထက်မြက်စွာ တည်ဆောက်ထားရန် အထူးလိုအပ်ကြောင်း” ပြောကြား ခဲ့သည်။

မျက်မှောက်ကာလတွင် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ)တို့၏ ကာကွယ်ရေးစွမ်းပကားကို ပြောင်းလဲတိုးတက်လာသော ခေတ်ကာလနှင့်အညီ စွမ်းရည်မြင့်မားတိုးတက်လာအောင် တည်ဆောက်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါကာကွယ်ရေးကဏ္ဍများအနက် တပ်မတော်(လေ)၏ စွမ်းဆောင်ရည်နှင့် စွမ်းဆောင်နိုင်မှုစွမ်းပကားများကို သမိုင်းကြောင်းတစ်လျှောက်နှင့် လက်ရှိကာလများတွင် မြင်တွေ့နေရပေပြီ။ မြန်မာ့တပ်မတော် (လေ)ကို ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်မတော်(လေ)အက်ဥပဒေကို ပြဋ္ဌာန်းပြီးတည်ဆောက်လာခဲ့သည်မှာ (၇၈)နှစ် တိုင်ရှိခဲ့ပြီး တပ်မတော်(လေ)၏ စွမ်းပကားများကို မော်ကွန်းတင်ထားနိုင်ခဲ့သည်။

စတင်ဖွဲ့စည်းတည်ထောင်ချိန်နှင့် မရှေးမနှောင်းတွင် ပြည်တွင်းရောင်စုံသူပုန်များ၏ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများ နိုင်ငံအနှံ့ပေါ်ပေါက်လာခဲ့ရာ နိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်နက်နယ်မြေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်(ကြည်း)၊ တပ်မတော်(လေ)တို့နှင့်အတူ သောင်းကျန်းမှုနှိမ်နင်းချေမှုန်းရေးအတွက် စစ်ဆင်ပျံသန်းမှုများ ပြုလုပ်ခဲ့ရသည်။ မျိုးချစ်စိတ်ဓာတ်၊ ဇွဲသတ္တိနှင့် တီထွင်ကြံဆလိုစိတ်တို့ကိုအရင်းခံပြီး ရှိသည့်လေယာဉ်၊ ရှိသည့်လက်နက်များအား အကောင်းဆုံးအသုံးချပြီး ရည်မှန်းချက်များ အောင်မြင်အောင်ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိခဲ့ရသည်။ တပ်မတော်(လေ)သည် ယနေ့အချိန်အထိ ပြည်ပကျူးကျော်မှု တွန်းလှန်ချေမှုန်းရေး နှင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးအမျိုးမျိုးသာမက မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှု စစ်ဆင်ရေးများတွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည်။ တိုက်ပွဲဝင်ဆင်နွှဲခဲ့ကြသော တပ်မတော်(လေ)စစ်သည်တော်များ၏ အသက်သွေးချွေးများစွာ ရင်းနှီးစတေးပြီး သူရဲကောင်းပီသစွာ ရဲရဲရင့်ရင့်တိုက်ပွဲဝင်ခဲ့သောကြောင့် တိုက်ပွဲအဆုံးအဖြတ်အပေါ် များစွာအထောက်အကူပြုနိုင်ခဲ့သည်။

တပ်မတော်(လေ)သည် ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့သည့် အတွေ့အကြုံများအပေါ် သင်ခန်းစာဖော်ထုတ်၍ ခေတ်မီပြီး စွမ်းရည်ထက်မြက် အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိရာ ယခုအခါ မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကြက်ချထားနိုင်ပြီဖြစ်သည်။ သို့ဖြစ်ရာ သောင်းကျန်းသူနှိမ်နင်းရေး လေတပ်အဆင့်မှ နည်းဗျူဟာမြောက်လေတပ်အဆင့်သို့ တိုးတက်တည်ဆောက်လျက်ရှိရာ အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အာမခံချက် အပြည့်အဝဖြင့် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း။ ။