ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးကျင်းပရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆပ် ကော်မတီအလိုက် ကျင်းပသွားမည့် အခမ်းအနားများနှင့်ပညာရေးကဏ္ဍ ပြန်လည်မြင့်မားစေရန်နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရှိမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းအား မြန်မာ့သတင်းစဉ်မှ ဆက်သွယ်မေးမြန်းထား သည်များကို ဖော်ပြလိုက်ပါသည်။
(ယမန်နေ့မှ အဆက်)
မေး ။ ။ ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေကိုလည်းပြောပြပေးစေလိုပါတယ် ဆရာကြီးရှင့်။
ဖြေ ။ ။ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအသိအမှတ်ပြုတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင်တက္ကသိုလ် အဖြစ် ရပ်တည်နိုင်ဖို့၊ တက္ကသိုလ်ရဲ့ ရုပ်ပိုင်းနဲ့ပညာရပ်ပိုင်းဆိုင်ရာ နှစ်ရပ်စလုံး ဖွံ့ဖြိုးတိုးတက်စေဖို့ ရန်ကုန်တက္ကသိုလ် ဘက်စုံပြုပြင်မွမ်းမံအဆင့်မြှင့်တင်ရေး မဟာစီမံကိန်း (၂၀၁၈-၂၀၃၀)ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မဟာစီမံကိန်းရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုက နိုင်ငံတကာ ဆက်စပ်မဟာဗျူဟာများ (International Engagement Strategies) ချမှတ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းရဲ့ ရည်ရွယ်ချက်က (၁) ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုနှင့် သုတေသန အရည်အသွေး တိုးတက်မြင့်မား လာစေရန်၊ (၂) ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့နိုင်ငံအသီးသီးရှိ ယဉ်ကျေးမှုကွဲပြားသော ဝန်း ကျင်များ (Intercultural world) တွင် အံဝင်ခွင်ကျ ပြုမူဆောင်ရွက်တတ်စေရန်၊ (၃) တက္ကသိုလ်၏ Global visibility မြင့်တက်လာစေရန် (၄) တက္ကသိုလ်နှင့် လူမှုအဖွဲ့အစည်းအကြား ချိတ်ဆက် ဆောင်ရွက်ခြင်း (University-Community Engagement) မှတစ်ဆင့် သင်ကြား ရေးနှင့် သုတေသန စွမ်းရည်မြင့်တက်ပြီး လူမှုအဖွဲ့အစည်း (ဒေသ)ကို အကျိုးပြုရန်တို့ ဖြစ်ပါတယ်။
အဲဒီရည်မှန်းချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်မှုအနေနဲ့ နားလည်မှုစာချွန်လွှာများ လက် မှတ်ရေးထိုးခြင်းနှင့် သင်တန်းသားဖလှယ်ခြင်းအစီအစဉ်မှာဆိုရင် ရန်ကုန်တက္ကသိုလ်ဟာကမ္ဘာ့ထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ စင်ကာပူ၊ ဟန်ဂေရီ၊ ဂျာမနီ၊ အီတလီ၊ နော် ဝေး၊ အမေရိကန်၊ အင်္ဂလန်နိုင်ငံတွေက တက္ကသိုလ်တွေနဲ့ နားလည်မှုစာချွန်လွှာများ (Memorandum of Understanding – MoU)လက်မှတ်ရေးထိုးပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအချိန်ထိ MoU ၅၈ စောင် ရေးထိုးပြီး ဖြစ်ပါ တယ်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ တက္ကသိုလ်နှစ်ခုအကြား ဆရာ၊ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူများ ဖလှယ်ခြင်း၊ သုတေသန နှီးနှောဖလှယ်ပွဲ၊ ညီလာခံ၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်း ကျင်းပခြင်း၊ သုတေသန စာစောင်များ ပူးတွဲ ထုတ်ဝေခြင်းတို့ ပါဝင်ပါတယ်။ MoU လက်မှတ်ရေးထိုးရာမှာ အချို့ MoU တွေက မိတ်ဖက်တက္ကသိုလ်တွေက ကိုယ်စားလှယ်တွေ ရန်ကုန်တက္ကသိုလ်ကို လာရောက်လက်မှတ်ရေးထိုးပါတယ်။ အချို့ကတော့ ရန်ကုန်တက္ကသိုလ်မှ ကိုယ်စားလှယ်များ မိတ်ဖက် တက္ကသိုလ်များကို သွားရောက်လက်မှတ်ရေးထိုးပါတယ်။ အချို့က MoU စာရွက်စာတမ်းတွေကို စာတိုက်ကနေ အပြန်အလှန်ပေးပို့ပြီး လက်မှတ်ရေးထိုးပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ပြည်ပမိတ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ လာရောက်လက်မှတ်ရေးထိုးခဲ့တဲ့ နောက်ဆုံး MoU ကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ရေးထိုးခဲ့တဲ့ MoU between University of Yangon and Purdue University Fort Wayne နဲ့ National Centre for English Language (UY) and Purdue University Fort Wayne ဖြစ်ပါတယ်။
မြန်မာစာဘာသာရပ်နဲ့ဒေသတွင်း ကျောင်းသားဖလှယ်ခြင်းအစီအစဉ်များမှာ နှစ်စဉ်နိုင်ငံတကာ ကျောင်းသား ၁၀ဝ ကျော်ကို ရန်ကုန်တက္ကသိုလ်ကနေ လက်ခံသင်ကြားပေးလျက် ရှိပါတယ်။ ယခုအချိန်အထိ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများဟာ exchange, internship, Full degree program စတဲ့ နှစ်တို/ နှစ်ရှည်အစီအစဉ်အမျိုးမျိုးနဲ့ နိုင်ငံတကာတက္ကသိုလ်များကို သွာ းရောက်ပညာသင်ကြားခွင့်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ဖလှယ်ခြင်းအစီအစဉ်တွေအပြင် ဧည့်ပါမောက္ခအစီအစဉ်များ (visiting fellow/ professor) လည်း ဆောင် ရွက်နေပါတယ်။ ဥပမာ Open Society Foundations (OSF) က ထောက်ပံ့တဲ့ scholar exchange အစီအစဉ် (နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ဥပဒေပညာဌာနနှင့် ရှေးဟောင်းသုတေသနပညာဌာနများအတွက်) နဲ့ AUN-SEED/net က ထောက်ပံ့တဲ့ Visiting Professor အစီအစဉ် ဖြစ်ပါတယ်။
စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုပရိုဂျက်တွေ၊ အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခြင်းအနေနဲ့ ပြောရမယ် ဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ The Asian University Alliance (AUA) ရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။ SEAMEO (The Institute of the SouthEast Asian Ministers of Education Organization)ရဲ့ ပရိုဂျက်တွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ပရိုဂျက်တချို့ကတော့ (RELC (language), CHAT (Culture and History), RIHED (Higher Edu- cation Development), QITEP (Science)) တို့ဖြစ်ပါ တယ်။ ဒါ့အပြင် Bilateral Development Agencies က ထောက်ပံ့တဲ့ ပရိုဂျက်တွေမှာလည်း ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ ဥပမာ- ဥရောပကော်မရှင်က ထောက်ပံ့တဲ့ ပရိုဂျက်တွေ ဖြစ်တဲ့ Erasmus+ Capacity Building Projects, EU-SHARE, CHINLONE, TIDE (UK aid, DFID), Toolkit, DAAD၊ ဒေသတွင်းအစီအစဉ်တွေဖြစ်တဲ့ ASEAN-Japan Program, ASEAN-India Universities Network, KFAS (Korean Foundation for Advanced Studies), Chinese Government Scholarship program တွေမှာ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံတကာညီလာခံတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လက်ခံကျင်းပခြင်း၊ ပါဝင်ခြင်းအနေနဲ့ ပြောရမယ် ဆိုရင် ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေဟာ နောက်ဆုံးနည်းပညာများ၊ သတင်း အချက်အလက်များရရှိနိုင်ဖို့၊ နိုင်ငံတကာမှသုတေသီများနဲ့ ပညာရေးဆိုင်ရာအမြင်များ၊ စိတ်ကူးများ၊ အတွေ့အကြုံများဖလှယ်နိုင်ဖို့၊ သုတေသနနယ်ပယ်အသီးသီးမှအသစ်တွေ့ရှိချက်များနှင့်အတူ စိန်ခေါ်မှုများကို သိရှိနားလည်နိုင်စေဖို့အတွက် နိုင်ငံတကာတက္ကသိုလ်များနှင့်ပူးပေါင်းပြီး နိုင်ငံတကာ သုတေသနညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲတွေကို ရန်ကုန်တက္ကသိုလ်က လက်ခံကျင်းပခြင်း၊ နိုင်ငံ တကာ မိတ်ဖက်တက္ကသိုလ်တွေက လက်ခံကျင်းပတဲ့ညီလာခံတွေမှာလည်း ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစေလွှတ်၍ တက်ရောက်စေခြင်းကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။
သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းအပိုင်းမှာ ရန်ကုန်တက္ကသိုလ်ရဲ့ Master Plan အရ ၂၀၂၀ ရာပြည့်အမီ လက်ရှိသင်ရိုးညွှန်းတမ်းများကို ပရိုဂျက်အခြေပြု လေ့လာသင်ယူခြင်းနဲ့ လုပ်ငန်းလိုအပ် ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် သင်ရိုးညွှန်းတမ်းများအဖြစ် အဆင့်မြှင့်တင်ရမှာ ဖြစ်ပါတယ်။ဘွဲ့ကြိုသင်တန်း ဝိဇ္ဇာဘာသာ ရပ်များအတွက် Central European University (CEU) က ပံ့ပိုးကူညီမှုများ ရယူဆောင်ရွက်ခဲ့ပါတယ်။
ဘွဲ့ကြိုသင်တန်း သိပ္ပံဘာသာရပ်များအတွက် သင်ရိုးညွှန်းတမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ကို ၂၀၁၉ ခုနှစ်မှာဖွဲ့စည်းပြီး နိုင်ငံတကာတက္ကသိုလ်များမှ သင်ရိုးညွှန်းတမ်းကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း (1st Phase) သိပ္ပံဌာနတွေမှာ နိုင်ငံတကာပညာရှင် ၁၅ ဦးလာရောက်ပြီး သင်ရိုးညွှန်းတမ်းပြန်လည် ဆန်း စစ်ခြင်း၊ အဆင့်မြှင့်တင်ဖို့ စီစဉ်လျာထားခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ နိုင်ငံတကာပညာရှင်များအတွက် ကုန်ကျစရိတ်များကို ဒိန်းမတ်နိုင်ငံအစိုးရက ထောက်ပံ့တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု ရန်ပုံငွေ (Capacity Development Fund-CDF) ကနေ ရယူသုံးစွဲပါတယ်။ ဒီအစီအစဉ်နဲ့ ဘွဲ့ကြို သင်တန်း ဝိဇ္ဇာဘာသာရပ်များရဲ့ သင်ရိုးညွှန်းတမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင် ရွက်နေပြီ ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်ဟာ၂၁ ရာစု ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရဲ့ စိန်ခေါ်မှုများကို ဖြည့်ဆည်းပေးမယ့်အသိပညာနဲ့ ကျွမ်းကျင်မှုအသစ်များ ရရှိစေဖို့ ပြုစုပျိုးထောင်ပေးနေရတဲ့ တက္ကသိုလ်ရဲ့ လုပ်ငန်းစဉ်ကို များစွာအထောက်အကူပြုပါတယ်။
ဘွဲ့၊ ဘာသာရပ်အစီအစဉ်အသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းအနေနဲ့ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်နဲ့ ဒေသလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ဒီဂရီ အစီအစဉ်အသစ်များ တိုးချဲ့ဖွင့် လှစ်ခဲ့ပါတယ်။
ရေနဲ့ပတ်ဝန်းကျင်ဆိုင်ရာပညာဌာန (Water and Environmental Studies Department) ကို ၂၀၁၉ ဖေဖော်ဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံအတွက် လိုအပ်နေတဲ့ ရေပညာရပ်ကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးပြီး မြန်မာနိုင်ငံရဲ့ ပေါများကြွယ်ဝတဲ့ ရေသယံဇာတကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့နဲ့ စိန်ခေါ်မှုတွေကို ဟန်ချက်ညီညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ယခုလာမယ့် ပညာသင်နှစ်ကနေစပြီး ရေပညာ ရပ်ဆိုင်ရာ ဘွဲ့ကြိုသင်တန်း (B.Sc. Water Studies)နဲ့ ရေပညာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Postgraduate Diploma in Water Studies) တွေကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ရေပညာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် သင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိကာကို ဟန် ဂေရီနိုင်ငံ Central European University (CEU) ရဲ့ အထောက်အပံ့နဲ့ ၂၀၁၉ ခုနှစ် မေလအတွင်း ရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။ ရေပညာရပ်ဆိုင်ရာဘွဲ့ကြိုသင်တန်းအတွက်NUFFIC (နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် နယ်သာလန်တက္ကသိုလ်များအဖွဲ့အစည်း)ရဲ့ Orange Knowledge Program ကပံ့ပိုးမှုနဲ့ နယ်သာလန်နိုင်ငံ UV University Amsterdam က ရေပညာရှင်များနဲ့ ပူးပေါင်းပြီး Labour Market Needs Assessmentကို ဆောင်ရွက်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ ရလဒ်အပေါ်မူတည်ပြီး လိုအပ်ချက်နဲ့ကိုက်ညီအောင် သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်ပြီး နိုင်ငံတကာအဆင့်မီ ရေးဆွဲခဲ့ပါတယ်။
နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်တွေထဲမှာ အမေရိကန်နိုင်ငံ Northern Illinois University, Colorado State University၊ နယ်သာလန်နိုင်ငံ VU University Amsterdam၊ ဆွီဒင်နိုင်ငံ Lund University တို့မှ မြေအောက်ရေနဲ့ ရေအရည်အသွေးကျွမ်းကျင်ပညာရှင်၊ မြစ်ချောင်းနဲ့ ရေဝေရေလဲစီမံခန့်ခွဲမှုပညာရှင်၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ရေသယံဇာတဘေးအန္တရာယ်လျှော့ချခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်၊ ရေအရင်း အမြစ်စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်များ ပါဝင်ခဲ့ပါတယ်။
ငါးလုပ်ငန်းပညာဘာသာရပ် (Fisheries and Aquaculture) ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ငါးလုပ်ငန်းကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍနဲ့ နိုင်ငံခြားဝင်ငွေကို သတ္တမမြောက် အများဆုံးရှာဖွေပေးနိုင်တဲ့ကဏ္ဍဖြစ်တဲ့အတွက် ဒီကဏ္ဍကိုနည်းပညာအသုံးချမှုများဖြင့် ပိုမိုဖွံဖြိုးစေဖို့ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ငါးလုပ်ငန်းပညာဘာသာရပ်မှ ဆရာ/ဆရာမများနဲ့ ကျောင်းသားကျောင်းသူများဟာ University-Industry partnership ဖွံ့ဖြိုးတိုးတက်စေဖို့ Industry မှ လိုအပ်တဲ့အတတ်ပညာကျွမ်းကျင်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်း၊ အသုံးချသုတေသနများပြုလုပ်ပြီး ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက် နည်းပညာမျှဝေခြင်း၊ အကြံပေးခြင်းများပြုလုပ်ပေးလျက် ရှိပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ တက္ကသိုလ်တွေက ငါးလုပ်ငန်းပညာဘာသာရပ် သင်ရိုးညွှန်းတမ်းများ နိုင်ငံတကာအဆင့်မီစေရေးနဲ့ အဆင့်မြင့်သုတေသနများ ဆောင်ရွက်နိုင်ရေးတို့မှာ စဉ်ဆက်မပြတ်ကူညီခဲ့ကြပါတယ်။ The German Agency for Internal cooperation (GIZ)နဲ့ European Union ရဲ့ Myanmar Sustainable Aquaculture project (MSAP) မှ အမေရိကန်ဒေါ်လာ ငါးသိန်းခန့်တန်ဖိုးရှိတဲ့ ဓာတ်ခွဲခန်းများ၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ USAID က အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ သိန်းတန်ဖိုးရှိ ဓာတ်ခွဲခန်းပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း Computer Lab တည်ဆောက်ပေးခဲ့ပါတယ်။ အခြားသော ပြည်တွင်းငါးလုပ်ငန်းအဖွဲ့များကလည်း သုတေသနလုပ်ငန်းအတွက် လိုအပ်တဲ့ပံ့ပိုးမှုများပြုလုပ်ပြီး Private-Public Partnership များ ထူထောင်လုပ်ကိုင်လျက် ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ASEAN Fisheries Education Network (ASEAN - FEN) အဖွဲ့ဝင် တက္ကသိုလ်ဖြစ်တဲ့အတွက် အာဆီယံတက္ကသိုလ်အတွင်းရှိ ငါးလုပ်ငန်းပညာ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအကြား ဖလှယ်ခြင်းအစီအစဉ်များနဲ့ သုတေသနပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီစဉ်လျက် ရှိပါတယ်။ တိုင်းရင်းသားပညာ Nationalities Studies အနေနဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် ဦးတည်ချက်ငါးရပ်ထဲမှာ "ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုစေရန်” ရည်ရွယ်ပြီး တိုင်းရင်းသားရေးရာကို လေ့လာမယ့် တိုင်းရင်းသားပညာကို တိုးမြှင့်သင်ကြားနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။
သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဗဟိုဌာန (CRI) တည်ထောင်ခြင်းမှာ ပညာရေး၀န်ကြီးဌာနရဲ့ အမျိုး သား ပညာရေးမဟာဗျူဟာစီမံကိန်း (National Education Strategic Plan - NESP) (၂၀၁၆-၂၁) အခန်း (၁၂)၊ မဟာဗျူဟာ (၂)၊ အပိုင်း (၁) ကို အကောင်အထည်ဖော်ဖို့ ရန်ကုန်တက္ကသိုလ်မှာ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဗဟိုဌာန (Centre for Research and Innovation - CRI) တည် ထောင်ဖို့ စီစဉ်လျက်ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် CRI တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့- (၁) ၂၁ ရာစု စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် တက္ကသိုလ်၏ ဘွဲ့အစီအစဉ်များတွင် စဉ်ဆက်မပြတ်အသုံးချသင်ယူခြင်း၊ သုတေသနနှင့်ဆန်းသစ်တီထွင်ယဉ်ကျေးမှု ခေတ်စားလာစေရန် (၂) သင်ရိုးညွှန်းတမ်းများ တိုးတက်ကောင်းမွန်ပြီး စက်မှုလုပ်ငန်းအခြေပြုသင်ယူမှု အခွင့်အလမ်းများရရှိစေနိုင်ရန်အတွက် တက္ကသိုလ်နှင့် စက်မှုလုပ်ငန်းများအကြား ပုံမှန်ချိတ်ဆက်မှု အားကောင်းလာစေရန် (၃) လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတားအဆီးများ၊ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်မည့် ဆန်းသစ်တီထွင်နိုင်မှုနှင့် အထောက်အထားအခြေပြုရလဒ်ကောင်းများရရှိရန် အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပစက်မှုလုပ်ငန်းများအကြား မိတ်ဖက်ဆောင်ရွက်ခြင်း ဖွံ့ဖြိုးလာစေရန်တို့ ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံအစိုးရက ထောက်ပံ့တဲ့လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုရန်ပုံငွေ (Capacity Development Fund-CDF) နဲ့ "Feasibility Study for CRI Establishment" လုပ်ငန်း ဆောင်ရွက်ဖို့ ပညာရေးဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းခံပြီး စိတ်ဝင်စားတဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများကို အဆိုပြုလွှာများ တင်သွင်းဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ စကားဝါဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိ တက်က "Design of School-Industry Partnership SIP TOR and Feasibility Study to establish Centre for Research and Innovation" လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ စတင်ဆောင်ရွက်ခွင့်ရရှိပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ပြီးစီးမှာ ဖြစ်ပါတယ်။
Feasibility study နဲ့ ပတ်သက်တဲ့ အသေးစိတ် အစီ ရင်ခံစာကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြ ရမှာ ဖြစ်ပါ တယ်။ ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိရင် လာမယ့် ၂၀၂၁ ခုနှစ်မှာ ရန်ကုန် တက္ကသိုလ်၊ Centre for Research and Innovation (CRI) ကို စတင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်လိမ့်မယ်လို့ မျှော်မှန်းပါတယ်။ CRI ကို အင်းလျားလမ်းမှာရှိတဲ့ လက်ရှိ တည်ဆောက်ပြီး လိုအပ်ချက်တွေနဲ့ လိုက်ဖက်မှုရှိတဲ့ ခြောက်ထပ်အဆောက်အအုံမှာ ထားရှိဖို့လျာထားပြီး ဖြစ်ပါတယ်။ ဘာသာရပ်ဌာနအသစ်နှစ်ခုဖြစ်တဲ့ ငါးလုပ်ငန်းပညာဘာသာရပ်နဲ့ ရေနဲ့ပတ်ဝန်းကျင်ဆိုင်ရာပညာဌာနကို CRI Building မှာ ထားရှိပါတယ်။ CRI အတွက် အစည်းအဝေးခန်းများ၊ ရုံးခန်းများ၊ သင်ကြားရေးဌာနများမှ Common/Research Focus/Project Laboratories များကိုလည်း နေရာချထားပြီးဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့ ရန်ကုန်တက္ကသိုလ်မှာ International Cooperation Office (ICO) ကို ၂၀၁၇ ခုနှစ်မှာဖွဲ့စည်းပြီး လုပ်ငန်းစတင် ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) က ဦးဆောင်ပြီး သင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမ (၈) ဦးက အချိန်ပိုင်းတာဝန်ယူဆောင်ရွက်နေပါတယ်။ အင်္ဂလန်နိုင်ငံ University of Warwick မှ James Kennedy က ICO မှာ အချိန်ပိုင်း Internationalization advisor အဖြစ် တာဝန်ယူပြီး ICO အဖွဲ့ဝင်တွေကို တက္ကသိုလ် ဝက်ဆိုက်ဘ်ဖန်တီးခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ အီးမေးလ်များ စနစ်တကျ လက်ခံသိမ်းဆည်းခြင်း၊ MoU တွေကို စစ်ဆေးခြင်းစတဲ့ အခြေခံကျွမ်းကျင်မှု သင်တန်းများပေးခဲ့ပါတယ်။ ယခုအချိန်မှာ James Kennedy ရဲ့ ကူညီမှုနဲ့သုတေသီများရဲ့ သုတေသနတွေ၊ စာတမ်းတွေ သတင်းအချက်အလက်စုံလင်၍ လွယ်ကူစွာ အသုံးပြုနိုင်တဲ့ရန်ကုန်တက္ကသိုလ် ဝက်ဆိုဘ်တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ICO ဟာ သုတေသီတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို Internationalization ကိစ္စရပ်တွေမှာ ကူညီပံ့ပိုးပေးမှုအပြင် ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာမျက်နှာစာမှာ ပိုမိုသိမြင်လာစေဖို့ ကြိုးစားဆောင်ရွက်တဲ့ လုပ်ငန်းစဉ်မှာလည်း အရေးပါတဲ့အခန်းကနေ ပါဝင်ပါတယ်။
တက္ကသိုလ်တစ်ခုရဲ့အောင်မြင်မှုဟာ နိုင်ငံတကာမိတ်ဖက်များနဲ့ မဟာဗျူဟာမြောက်ပူးပေါင်း ဆောင် ရွက်ခြင်းမှာ အားထည့်ဆောင်ရွက်နိုင်စွမ်းအပေါ် မူတည်နေပါတယ်။ သာမန်ကာလျှံကာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အောင်မြင်မှုကိုရဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းကို အထူးအလေးပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအသိအမှတ်ပြုသော၊ ဂုဏ်ဆောင်တက္ကသိုလ် (Myanmar’s Flagship University) တစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုး စားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားလိုပါ တယ်။
မေး ။ ။ အခြားဖြည့်စွက် ပြောကြားလိုတာများရှိရင် ပြောပေးပါအုံး ဆရာကြီးရှင့်။
ဖြေ ။ ။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ မွေးဖွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်ပေါင်း ၁၀၀ ပြည့်မြောက်ပြီး ဒုတိယရာစု နှစ်များအတွင်းသို့ ချင်းနင်း ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ ပထမရာစုနှစ်များအတွင်း တက္ကသိုလ်ရဲ့ အောင်မြင်မှုများ၊ လက်ရှိဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းများ၊ လုပ်ငန်းစဉ်များနဲ့ ဒုတိယရာစုနှစ်တက္ကသိုလ်ရဲ့ မျှော်မှန်းချက်များကို တက္ကသိုလ်ကိုယ်စား ပါမောက္ခချုပ်အနေဖြင့်တက္ကသိုလ်ရဲ့ ရာပြည့်မွေးနေ့အခါသမယမှာ စုစည်းမှတ်တမ်းတင်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ပထမရာစုအတွင်း ရန်ကုန်တက္ကသိုလ်ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ အမိတက္ကသိုလ်ဟာ ကျွန်တော်တို့ကို အကောင်းဆုံးပုံဖော်ခဲ့ပြီး ကျွန်တော်တို့ရဲ့ဘဝတစ် လျှောက်လုံးမှာ လေးနက်တဲ့လွှမ်းမိုးမှုတွေရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဘွဲ့ရတွေကနေ ကမ္ဘာကို ယူဆောင်ပြသနေတဲ့ ဗဟုသုတကြွယ်ဝမှု၊ အတွေ့အကြုံအလေ့အကျင့်ကောင်းရှိမှုနဲ့ ကိုယ်ကျင့်သိက္ခာပြည့်ဝမှုများဟာ ရန်ကုန်တက္ကသိုလ်ရဲ့ အောင်မြင်မှုကို သက်သေခံလျက်ရှိပါတယ်။
သူတို့ရဲ့ရည်မှန်းချက်ကြီးမားမှုနဲ့ ထူးချွန်ထက်မြက်မှုကို မိခင်တက္ကသိုလ်မှ အမြဲဂုဏ်ယူလျက်ရှိပါတယ်။ တက္ကသိုလ်ဟာ သူတို့ပညာသင်နေစဉ်ကာလမှာ သူတို့ဘဝတိုးတက်အောင်မြင်မှု အတွက် အကောင်းဆုံး ပုံသွင်းမှုများ၊ စိတ်ဓာတ်တက်ကြွမှုများ၊ စိတ်ခွန်အားရှိမှုများအတွက် အာမခံပေးပြီး၊ သူတို့ရွေးချယ်လျှောက်လှမ်းမယ့် အနာဂတ်ခရီးမှာ ကျရောက်လာမယ့်တာဝန်နဲ့ စိန်ခေါ်မှုများအတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။
လူသားစွမ်းဆောင်ရည်နဲ့ အတတ်ပညာဆိုင်ရာအောင်မြင်မှုများကို ရန်ကုန်တက္ကသိုလ်ကနေ မြန်မာ့၊ ကမ္ဘာ့ခေါင်းဆောင်မျိုးဆက်များ မွေးထုတ်ပေးနိုင်မှုစံနဲ့ တိုင်းတာကြည့်နိုင်ပါတယ်။ တက္ကသိုလ်ရဲ့ ထိုကောင်းမြတ်သော အမွေအနှစ်၊ အစဉ်အလာတွေကို ဂုဏ်ယူစွာဆက်ခံရင်း ရေရှည်တည်တံ့စေဖို့ ထိန်းသိမ်းလျက် ၂၁ ရာစု ခရီးကို ဆက်လက်ချီတက်ရမှာ ဖြစ်ပါတယ်။
သင်ကြားသင်ယူခြင်း၊ သုတေသနနဲ့ ပညာရေးဝန်ဆောင်မှုပေးခြင်းဆိုတဲ့ တက္ကသိုလ်ရဲ့အဓိကတာဝန် (၃) ရပ်ကို ပြည့်ဝစွာဆောင်ရွက်နိုင်တဲ့ မြန်မာနိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ် ဖြစ်လာစေဖို့ ရည်ရွယ်ပြီး မကြာမီကာလမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရတက္ကသိုလ်အဖြစ် အကောင်းဆုံးဆောင်ရွက်နိုင်ဖို့ ရန်ကုန်တက္ကသိုလ် ဘက်စုံပြုပြင်မွန်းမံအဆင့်မြှင့်တင်ရေး မဟာစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀ တက္ကသိုလ်ရာပြည့်အချိန်မှာ ဒီအသွင်ပြောင်းလုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းများပြီးစီးပြီး နောင်လာမယ့် ရာစုနှစ်အသစ်မှာ အပြောင်းအလဲများ အမြစ်တွယ်ပြီး ဘက်စုံအရည်အသွေးတိုးတက်မှုတွေ၊ ရေရှည်တည်တံ့မှုတွေ ဆက်လက်ဖြစ်ထွန်းစေဖို့ ဆောင်ရွက်ရပါမယ်။
ဒီတာဝန်ကိုဆောင်ရွက်ဖို့ ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ထူးချွန်ပြောင်မြောက်မှုနဲ့ လုပ်ပိုင်ခွင့်အပြည့်အဝအသုံးချနိုင်မှုတို့အပေါ် အခြေပြုရမှာ ဖြစ်ပါတယ်။ စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ ပူးပေါင်းဆောင် ရွက်ကြဖို့နဲ့ ရရှိလာမယ့် အောင်မြင်မှုအတွက် ဂုဏ်ယူပီတိဖြစ်မှုကို မျှဝေခံစားနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။
ဒုတိယရာစုနှစ်တက္ကသိုလ်ရဲ့ မျှော်မှန်းချက်မှာ လိုက်လျောညီထွေအဖြစ်ဆုံး၊ ဆန်းသစ်တီထွင် သုတေ သနများမှတစ်ဆင့် နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်၊ အနာဂတ်လူငယ်များအား ပညာရေးစွမ်းဆောင်ရည်နဲ့ စစ်မှန်တဲ့ အတွေးအခေါ်များ ရှိလာစေဖို့ ပြုစုပျိုးထောင်ပေးရန်ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပတက္ကသိုလ်များ၊ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများနဲ့ ချိတ်ဆက်မှုအားကောင်းလာအောင် လမ်းသစ်များခင်းပေးရပါမယ်။ ဦးစားပေးအစီအစဉ်အနေနဲ့ ပေါ်လစီများချမှတ်ခြင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေး၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ သယံဇာတအရင်းအမြစ်များ ထိရောက်စွာ အသုံးပြုခြင်းစတဲ့ နယ်ပယ်တွေမှာ ခေတ်မီအဆင့်မြင့်သုတေသနနဲ့ သင်တန်းများပေးနိုင်ရန်နဲ့ ရေရှည်တည်တံ့ပြီး ဆန်းသစ်ခေတ်မီတဲ့ ဖြေရှင်းနည်းများနဲ့ အဖြေများကို ထုတ်ပေးနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်များပေါ်ထွက်ခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်နယ်မြေဟာယဉ် ကျေးမှုဓလေ့နောက်ခံမတူသော လူငယ်လူရွယ်များအတွက် သက်ဆိုင်ရာသူတို့အဖွဲ့အစည်းများရဲ့ချန်ပီယံများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနေတဲ့လှုပ်ရှားသက်ဝင်နေရာတစ်ခုအဖြစ် တစ်ဖန်ပြန်လည် ဖြစ်တည်လာပါလိမ့်မယ်။
ဒီရာပြည့်သဘင်ဆင်နွှဲချိန်အခါမှာ အမိတက္ကသိုလ်ရဲ့ပထမရာစုအောင်မြင်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုလျက် ပိုမိုမြင့်မားသော မျှော်လင့်ချက်များဖြင့် ဒုတိယရာစုကို ကြိုဆိုလိုက်ရပါကြောင်း ပြောကြား လိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ။
မွန်းဦးနဒီ
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၏ ကိုယ်ရေးအချက်အလက်
--------------------------------------------------------------------
- ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၂၀၁၅ ခုနှစ်မှ ယနေ့အထိ တာဝန်ထမ်းဆောင်လျက် ရှိပြီး ရန်ကုန်တက္ကသိုလ်၏ (၁၆) ဦးမြောက် ပါမောက္ခချုပ်ဖြစ်သည်။
- ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်မှာပင် ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ရူပဗေဒပါမောက္ခတစ်ဦးအဖြစ် ၂၀၀၇ ခုနှစ်တွင် ရာထူးတိုးခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၊ တက္ကသိုလ်များသိပ္ပံသုတေသနဌာနတွင် ဌာနမှူးအဖြစ် သိပ္ပံဘာသာရပ် နယ်ပယ်အစုံမှ သုတေသီများကိုဦးဆောင်၍ တက္ကသိုလ်များ သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားလုပ်ငန်းအဖွဲ့အစည်းများ၏ လိုအပ်သော သုတေသနတိုင်းတာမှုများကို ဆောင်ရွက်ခဲ့သည်။
- ယင်းမတိုင်မီ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန တွင်၂၃ နှစ်တိုင်တိုင် သင်ကြားရေးနှင့် သုတေသနကိုပူးတွဲ၍ စွမ်းစွမ်းတမံ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင် ရွက်ခဲ့သည်။
- ၁၉၇၇ ခုနှစ်တွင် အခြေခံပညာအထက်တန်းကို အထက (၁) လမ်းမတော် ရန်ကုန်မြို့မှ အောင်မြင် ခဲ့ပြီး သိပ္ပံဂုဏ်ထူးဘွဲ့ (ရူပဗေဒ)ကို ၁၉၈၂ ခုနှစ်တွင် လည်းကောင်း၊ မဟာသိပ္ပံ ဘွဲ့(ရူပဗေဒ) ကို ၁၉၈၆ ခုနှစ်တွင်လည်းကောင်း ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။
- ပါရဂူဘွဲ့(ရူပဗေဒ) ကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်မှ ၁၉၉၅ ခုနှစ်တွင် ရရှိခဲ့သည်။
- ကွန်ပျူတာသိပ္ပံ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ် အထူးပြုပါရဂူဘွဲ့၊ မဟာသုတေသနဘွဲ့၊ မဟာဘွဲ့ကျမ်းပေါင်း ၂၀၀ ကျော်ကို ကြီးကြပ် ခဲ့သည်။ ပြည်တွင်း၊ ပြည်ပသုတေသနဂျာနယ်များတွင် သုတေသနစာတမ်းပေါင်း ၅၀ ကျော် ထုတ်ဝေခဲ့သည်။
- ၂၀၀၉ ခုနှစ်တွင် အာဆီယံတက္ကသိုလ်များ ကွန်ရက် (မလေးရှား၊ ဂျပန်၊ မြန်မာ) ပူးတွဲ သုတေသနဖြင့် မလေးရှားနိုင်ငံ Malaysian Invention and Design Society မှ ချီးမြှင့်သော ရွှေတံဆိပ်ဆု (ITEX GOLD MEDAL 2019) ကို ရရှိခဲ့သည်။
- ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံပညာ ရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဗြိတိသျှကောင်စီကမ္ဘာ့ပညာရေးအပြန်အလှန် ဆွေးနွေးခြင်းကဏ္ဍတွင် “မြန်မာ့သုတေ သနမဟာဗျူဟာ” အကြောင်း ပါဝင်ဟောပြောခဲ့သည်။
- ၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ Midwest University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ အင်္ဂလန်နိုင်ငံ Institute of Physics ၏ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပြီး ရူပဗေဒဘာသာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။