စစ်တွေ၊ နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၁၅/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုများသည် ယခုအခါ တာဝန်ရှိသည့်ပုဂ္ဂိုလ်များ၊ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့်အတွက် အမြန်ဆုံးထိန်းထားနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်ကလည်း ရခိုင်ပြည်နယ်သို့ အတတ်နိုင်ဆုံးကူညီပံ့ပိုးမှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်သည့်ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများပါ ဝိုင်းဝန်းကူညီဆောင်ရွက်ကြသည့်အတွက် ထိန်းထားနိုင်သည့်အနေအထားမျိုး ရရှိနိုင်ပြီဟု ပြောလို့ရပါကြောင်း၊ သို့သော်လည်း ယခုအခြေအနေအပေါ်တွင် ပေါ့ဆနေ၍မရပါကြောင်း၊ လုံးဝပပျောက်သွားသည့် အနေအထားလည်းမရှိသေးပါကြောင်း၊ သိသိသာသာ လျော့နည်းသွားပြီဟုလည်း ပြော၍မနိုင်သေးပါကြောင်း၊ ကြိုတင်ကာကွယ်သည့်လုပ်ငန်းများကို ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပြီး တစ်ဦးချင်း လိုက်နာဆောင်ရွက်မှ အထူးသဖြင့် ပြည်သူများပူးပေါင်းပါဝင်ကာ ကြိုတင်ကာကွယ်မှုများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသိပညာပေး လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလာပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါအပြင် တုပ်ကွေးရောဂါနှင့် ဆက်စပ်ပြီး အခြားသောရောဂါများလည်း ဖြစ်လာနိုင်သည့်အနေအထားတွင် အသိပညာပေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ပေးခြင်းဖြင့် ပြည်သူများသည် ကျန်းမာရေးအသိ ပိုမိုရရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ဆောင်ခဲ့သော အတွေ့ အကြုံများတွင် အားသာချက်၊ အားနည်းချက်များ၊ လိုအပ်ချက်များကို သုံးသပ်ပြီး မိမိတို့တာဝန်ယူ ထားကြသည့် ကော်မတီအလိုက် ဆွေးနွေးပေးကြစေလိုကြောင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စများရှိလျှင်လည်း ညှိနှိုင်းဆွေးနွေးပြီး ပြည်ထောင်စုအစိုးရ၊ ဗဟိုကော်မတီတို့နှင့် ပေါင်းစပ် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းကော်မတီများအနေဖြင့် ယခုအခြေအနေတွင်သုံးသပ်ပြီး ပွင့်ပွင့်လင်းလင်းဖြင့် အကောင်းဆုံးဖြစ်အောင် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်သည့် ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေး နွေး တင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်နှင့် မင်းဂံရပ်ကွက်တို့တွင် အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် ၄၀၀၀၀ စီအား သွားရောက်ထောက်ပံ့ပေးအပ်သည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီများမှ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)