နေပြည်တော် ဒီဇင်ဘာ ၁၁
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ကျင်းပရာ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများတက်ရောက်ကြပြီး ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ် တိုင်းမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို နယ်စပ်ဒေသများတွင် အမြစ်ပြတ် ရှင်းလင်းရန်၊ ထိုမှတစ်ဆင့် ပြည်တွင်းအထိ ပျံ့နှံ့ရောက်ရှိမလာစေရန်၊ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ ထိထိရောက်ရောက် အမြစ်ပြတ်နှိမ်နင်းရန်အတွက် အဓိက Focal ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့လိုအပ်သဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ် မှုဗဟိုကော်မတီကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၅၂/၂၀၂၅ ဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထောင်စုနယ်မြေ အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကော်မတီများကို ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း National Anti-Scam Centre တည်ထောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဇူလိုင် ၃၀ ရက်မှ စတင်၍ အာဏာတည်ခဲ့ ပြီးဖြစ်ကြောင်း၊ ယခုအခါ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းပြီးဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် ပြည့်စုံသောအဖွဲ့အစည်း တစ်ရပ်အဖြစ် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိပြီဖြစ်ကြောင်း။
ဗဟိုကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များအနေဖြင့် နိုင်ငံတော်အဆင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးမဟာဗျူဟာများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲချမှတ်ခြင်း၊ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများအကြား လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေခြင်း၊ လိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများအတွက် လိုအပ်သော လူအင်အား၊ နည်းပညာနှင့် ဘဏ္ဍာငွေများကို စနစ်တကျခွဲဝေချထားခြင်းနှင့် စီမံခန့်ခွဲခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းရှိ အွန်လိုင်းလိမ်လည်မှုကွန်ရက်များ၏ သတင်းအချက်အလက်များကို စုဆောင်း၊ စိစစ်၊ လေ့လာဆန်းစစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဖြန့်ဝေပေးခြင်း၊ လိမ်လည်မှုကျူးလွန်သူများ၊ Scam Centre များကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး ဦးဆောင်လုပ်ကိုင်ခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ တာဝန်ရှိအဖွဲ့အစည်းများဖြစ်သည့် INTERPOL၊ ASEANAPOL စသည်တို့နှင့်ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်လိမ်လည်မှုများကို တိုက်ဖျက်ခြင်း၊ လိမ်လည်မှုမှရရှိသော ငွေကြေးများနှင့် ပိုင်ဆိုင်မှုများ ကို ခြေရာခံ၍ သိမ်းဆည်းထိန်းချုပ်နိုင်ရေး ဆောင်ရွက်ခြင်း၊ ပြည်သူလူထုအား အွန်လိုင်းလိမ်လည်မှုပုံစံအမျိုးမျိုး၊ အန္တရာယ်များနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများကို အချိန်နှင့်တစ်ပြေးညီ အသိပညာပေးခြင်း၊ လိမ်လည်ခံရသူများ၏ တိုင်ကြားချက်များကို လက်ခံ၍ သက်ဆိုင်ရာဌာနများမှတစ်ဆင့် အကူအညီများပေးနိုင်ရန် ညွှန်ကြားဆောင်ရွက်ခြင်း၊ မိုဘိုင်းအော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှု ပေးသူများနှင့်ပူးပေါင်း၍ လိမ်လည်ရန် အသုံးပြုသော တယ်လီဖုန်းနံပါတ်များ၊ ဝက်ဘ်ဆိုက်များနှင့် အကောင့်များကို ပိတ်ဆို့တားဆီးခြင်း၊ Scam Centre များတွင် အဓမ္မခိုင်းစေခံရသော၊ ပိတ်မိနေသော နိုင်ငံသားများနှင့် နိုင်ငံခြားသားများကို ကယ်ဆယ်ရန် အစီအစဉ်များချမှတ်၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရရှိသူများအား သက်ဆိုင်ရာနိုင်ငံများသို့ လုံခြုံစွာ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူကုန်ကူးမှု၊ အတင်းအဓမ္မခိုင်းစေမှုများ ကျူးလွန်သည့် လိမ်လည်မှုခေါင်းဆောင်များကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဦးဆောင်ခြင်းစသည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသူများအပါအဝင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုလုပ်ငန်း လုပ်ကိုင်သည့်နေရာများအား ဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်အထိ နိုင်ငံခြားသား ၇၀၀၁၆ ဦးကို စိစစ်တွေ့ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း။
ကရင်ပြည်နယ်အတွင်း ကူညီကယ်တင်နိုင်ခဲ့သည့် နိုင်ငံခြားသားများ၏ ထွက်ဆိုချက်များအရ ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့်ဝင်ရောက်၍ ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ မော်တော်ယာဉ်၊ လေယာဉ်တို့ဖြင့် သွားရောက်ခြင်း၊ မဲဆောက်မြို့မှတစ်ဆင့် သောင်ရင်းမြစ်အား တရားမဝင်ဖြတ်ကူး၍ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ကုမ္ပဏီများသို့ သွားရောက်ခြင်း၊ တရားဝင်ဗီဇာဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး မော်တော်ယာဉ်ဖြင့် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ကုမ္ပဏီများသို့သွားရောက် ခြင်းတို့ဖြစ်သည်ကို သိရှိရကြောင်း၊ ရာခိုင်နှုန်းအားဖြင့်မဲဆောက်ဘက်မှ ကူးလာသူ ၉၉ ဒသမ ၆ရာခိုင်နှုန်းဖြစ်ပြီး ပြည်တွင်းလမ်းကြောင်းမှ သွားရောက်သူ ၀ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ သက်ဆိုင်ရာသံရုံးများအနေဖြင့် ၎င်းတို့နိုင်ငံသားများအား လူကုန်ကူးခံရသူ များဖြစ်သည်ဟုဖော်ပြ၍ အကူအညီတောင်းခံကြသော်လည်း စိစစ်တွေ့ရှိချက်အရ အချို့သည် လူကုန်ကူးခံရသူများမဟုတ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လာရောက်အလုပ်လုပ်ကိုင် ကြသူများဖြစ်ကြောင်း။
ယင်းရာဇဝတ်မှုများသည် မြန်မာနိုင်ငံ၏ နယ်မြေအတွင်း တည်ရှိနေခြင်းထက် ကွင်းဆက်များစွာဖြင့်လည်ပတ်နေသော စီးပွားရေးလုပ်ငန်းအဖြစ် ရှုမြင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် Scam Centre တည်နေရာဖြစ်သော်လည်း ယင်းရာဇဝတ်မှု၏ အရင်းအမြစ်နှင့် အဓိကကျိုးအမြတ် ရရှိသူမဟုတ်ကြောင်း၊ ၎င်းလုပ်ငန်းအတွက် လူကုန်ကူးခံရသူအားလုံးသည် မြန်မာနိုင်ငံသားများ မဟုတ်သလို လိမ်လည်မှုမှရရှိသော ငွေကြေးအားလုံးသည်လည်း မြန်မာနိုင်ငံ၏ဘဏ်စနစ်အတွင်းရောက်ရှိလာခြင်းမရှိကြောင်း၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအရ နိုင်ငံတိုင်းသည် မိမိတို့နှင့်သက်ဆိုင်သော အစိတ်အပိုင်းအားလုံးကို တိုက်ဖျက်ရန်တာဝန်ရှိကြောင်း၊ အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတကာ ရာဇဝတ်မှုတိုက်ဖျက်ရေး စံနှုန်းများနှင့်အညီ နိုင်ငံတိုင်းသည် မိမိတို့၏ တာဝန်ကျရာကဏ္ဍကို အပြည့်အဝထမ်းဆောင်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခဒေသများမှ လူကုန်ကူးခံရသူများကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အား လုံခြုံစိတ်ချစွာ ဇာတိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် သက်ဆိုင်ရာသံရုံးများ၊ အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများ ပြန်လည်အခြေမချနိုင်ရန်အတွက် ယင်းနေရာများရှိ အဆောက်အအုံများအား ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါနေရာများ၌ တည်ဆောက်ထားသည့် အဆောက်အအုံများအတွက် လိုအပ်သော အိမ်ဆောက်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်မီး၊ စက်သုံးဆီ၊ အင်တာနက်စသည်တို့ကိုလည်း တစ်ဖက်နိုင်ငံမှ တစ်ဆင့်ရယူအသုံးပြုဆောင်ရွက်ခြင်းဖြစ်သည်ကိုတွေ့ရှိရကြောင်း။
Scam Centre များ လည်ပတ်ရန်အတွက် လိုအပ်သည့်ဝန်ထမ်းအင်အားကို တရားမဝင်နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် လူကုန်ကူးခြင်းဖြင့် ရရှိနေခြင်းဖြစ်ကြောင်း၊ တရားမဝင်နယ်စပ် ကုန်သွယ်ရေးသည် Scam Centre များအတွက် ငွေကြေးခဝါချရန် လမ်းကြောင်းများ ဖန်တီးပေးနေခြင်းဖြစ်ကြောင်း၊ လူကုန်ကူးခံရသူများအား သယ်ယူပို့ဆောင်ရန်လမ်းကြောင်းများကို ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်း၊ ယင်းသို့ဆက်စပ်မှုများကို ဖြတ်တောက်ရန်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ (၁) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် လောင်းကစားမှုတိုက်ဖျက်ရေးသည် အမျိုးသားရေးကိစ္စဖြစ်ပြီး မြန်မာနိုင်ငံနယ်စပ်တွင် ပေါ်ပေါက်လာသော အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းသည် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်သလို ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှုများ၏ အရင်းအမြစ်တစ်ခုဖြစ်သဖြင့် ပြတ်ပြတ်သားသား ချေမှုန်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသအချို့ရှိ တရားဥပဒေစိုးမိုးနိုင်မှု ကင်းလွတ်နေသောနေရာများတွင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သဖြင့် ပြတ်ပြတ်သားသားနှိမ်နင်းလျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံ ၅၄ နိုင်ငံမှ နိုင်ငံခြားသား ၇၀၀၀၀ ကျော်ကို ရှာဖွေကယ်တင်ခြင်း၊ ဖမ်းဆီးခြင်း၊ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခြင်းမှာ ကမ္ဘာ့အများဆုံး တရားခံလွှဲပြောင်းပေးမှုဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဆက်စပ်ဖြစ်ပွားသောမှုခင်းများသည် နိုင်ငံတကာရာဇဝတ်မှုခင်းများဖြစ်၍ နိုင်ငံတကာနှင့်အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ ယင်းတို့နှင့်ဆက်စပ်ဖြစ်ပွားသည့် ရာဇဝတ်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဒုတိယဥက္ကဋ္ဌ (၁) နှင့် ဗဟိုကော်မတီဝင်များက တင်ပြဆွေးနွေးကြပြီး ဗဟိုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
