Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို CFAVC စီမံကိန်းဖြင့် ဆောင်ရွက်ရန် လျာထားသည့် ကျေးလက်ကုန်ထုတ်လမ်းကွင်းဆင်းစစ်ဆေး

 

မကွေး    နို၀င်ဘာ    ၁၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသ ကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေ သကြီး ဦးစီးမှူး၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ကျေးလက်ဦးစီးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မဒဲကျေးရွာသို့ ရောက်ရှိပြီး  ကနီ-မဒဲကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း ကြည့်ရှု ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၀န်ကြီးချုပ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စာနပ်ရိက္ခာ ဖူလုံရေးအစီစဉ်(GAFSP) တို့ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်‌လျက်ရှိ‌သော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့်  စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုးကွင်းဆက်စီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထား သည့် ကျေးလက်ကုန်ထုတ်လမ်း လက်ရှိအခြေအနေကို ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းနှင့်ပတ်သက်ပြီး တိုင်း‌ဒေသကြီး ၀န်ကြီးချုပ်အား မကွေးတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့် ဒေသခံ တောင်သူ လယ်သမားများက ရှင်းလင်းတင်ပြခဲ့ကြပြီး လုပ်ငန်းနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ်  တိုင်းဒေသကြီး၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကနီ-မဒဲကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီး ပါက ကျေးရွာ ၉ ရွာ၊  အိမ်ခြေ(၁၅၅၁)၊ လူဦးရေ (၆၅၉၅)၊  စိုက်ပျိုးမြေဧက ၁၈၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး ၊ အဆိုပါ ဒေသမှ စိုက်ပျိုးဧကများက ထွက်ရှိလာသော ထုတ်ကုန် ပစ္စည်းများ ဈေးကွက်အတွင်းသို့ ကုန်ကျ စရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်သည့် အတွက် ဒေသ ပြည်သူများ လူမှုစီးပွားဘ၀ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

သန်းနိုင်ဦး(ငဖဲ)