နေပြည်တော် ဒီဇင်ဘာ ၃
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျ ဖြိုချဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ KK Park နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံ ၂၉၃ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၁၆၁ လုံးကို ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ယနေ့တွင် မြဝတီ-မဲ့ထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများဖြစ်သော နှစ်ထပ်အဆောက်အအုံ နှစ်လုံး၊ သုံးထပ်အဆောက်အအုံ တစ်လုံး၊ လေးထပ်အဆောက်အအုံနှစ်လုံး စုစုပေါင်းတရားမဝင်အဆောက်အအုံ ငါးလုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၄၅ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက် အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၂၉၃ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံများကို နိုဝင်ဘာ ၁၈ ရက်မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အအုံ ၃၈၃ လုံးကို စစ်ဆေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့်အဆောက်အအုံ ၁၆၉ လုံးကို စစ်ဆေးတွေ့ရှိရကြောင်း၊ အဆိုပါအဆောက်အအုံများအား ပြန်လည်အသုံးချမှုမရှိစေရေးအတွက် ချိပ်ပိတ်သိမ်းဆည်းခြင်း များကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၆၁ လုံးကို ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် အဆိုပါ တရားမဝင်အဆောက်အအုံများအနက် ယနေ့တွင် ဟုံထု ၁၃ ထပ် အဆောက်အအုံတစ်လုံးကို စတင်၍ စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၉၅၄ ဦးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ အလုံး ၃၃၁၀ ၊ မိုဘိုင်းဖုန်းအလုံး ၂၁၈၇၀၊ starlink ဗန်း ၁၀၂ လုံး၊ Router ၂၂ လုံးနှင့် လုပ်ငန်းသုံး ပစ္စည်းအများအပြားကို စိစစ်တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးရှင်းလင်းခဲ့ကြောင်းနှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၉၃ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၅၆ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၁၁ ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၃၆၀ တို့ကို ယနေ့တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့်သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးအပ်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက် အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၉၆၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၉၈၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
