နေပြည်တော် ဒီဇင်ဘာ ၃
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ် ရွာသစ်ကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ရွာသစ်ကျေးရွာ သိရိမင်္ဂလာမိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၂၄ ဦး၊ ခွဲစိတ်ရောဂါ ၂၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၁ ဦး၊ ကလေးရောဂါ ၃၂ ဦး၊ အရိုးရောဂါ ၄၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၉ ဦး၊ မျက်စိရောဂါ ၄၅ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၁ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၃၆၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ် လူနာ တစ်ဦး၊ သွားနုတ်/သွားဖာ ၁၆ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၂ ဦး၊ အာထရာဆောင်းစက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၂ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -
၁။ ဒေါ်ကျင်မုန်းပါ၊ လှိုင်းဘုန်းရွာက လာပြတာပါ။ အသက်က ၈၅ နှစ်ဖြစ်ပါတယ်။ ကျွန်မ မျက်စိရောဂါ လာပြတာပါ။ ရေတိမ်၊ အတွင်းတိမ်လာပြတာပါ။ ပြီးတော့ ခါးဆစ်တွေနာလို့ လာပြ တာပါ။ မျက်စိကတော့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိပါပြီ၊ ခါးကတော့ သုံးလေးနှစ်လောက်ရှိပါပြီ။ ဒီမှာ လာတာဆိုလို့ရှိရင် ဒီတစ်ခါနဲ့ဆို နှစ်ခါရှိပါပြီ၊ ဆေးသင်္ဘောလာတာ ကျေးဇူးတင်ပါတယ်။ လူတွေလည်း အများကြီး ကုသပေးပါတယ်။ အိမ်တိုင်ရာရောက် လာကုသပေးတော့ ပိုကောင်းတာပေါ့၊ မေတ္တာနဲ့ လာကုသပေးကြတာဆိုတော့ ပိုကောင်းတာပေါ့။ ကျေးဇူးအများကြီးလည်း တင်ပါတယ်။
၂။ ကျွန်မ နာမည်က ဒေါ်သက်သက်မွန်ဖြစ်ပါတယ်။ ကျွန်မကတော့ လိပ်ချောင်းကျေးရွာကနေ လာတာပါ။ ဒူးနာလို့ လာပြတာပါ၊ ထိုင်တာ ထတာ မကောင်းဘူး၊ အဲဒီလိုနာကျင်တဲ့ဒဏ်ကို ခံစားရလို့ လာပြတာ၊ ဒီဆေးကုသတဲ့အဖွဲ့တွေ လာတော့ ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြဖူးတဲ့ လူတွေကလည်း ပြောတယ်၊ တော်တော်လေးကို ကောင်းတယ်တဲ့။ ဒူးနာတဲ့အစ်မဆိုလည်း အဲဒီလိုပဲလေ လာပြတာကောင်းတယ်လို့ ပြောတယ်။ ပျောက်လည်း ပျောက်တယ်လို့ ပြောတယ်။ အဲတာကြောင့်မို့ လာပြဖြစ်တာ၊ ပိုပြီးတော့ တတ်ကျွမ်းတယ်လို့ထင်တယ်။ ပြီးတော့ ဆေးကုသတဲ့နေရာမှာလည်း သဘောလည်းကောင်းတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်တယ်။ ပြီးတော့ ပြရတဲ့နေရာမှာလည်း အဆင်ပြေပါတယ်၊ တော်တော်လေးကို အဆင်ပြေတယ်။ လာပြီးတော့ ဆေးကုသပေးတဲ့အတွက် အလွန်ကျေးဇူးတင်တယ်။ နောက်လူတွေလည်း ကျွန်မတို့လိုပဲ ကျေးဇူးတင်မယ်၊ ပျော်ရွှင်မယ်လို့ ထင်ပါတယ်။ နောက်နေ့တွေလည်း လာပြမယ့်သူတွေ အများကြီးရှိပါသေးတယ်။
သတင်းစဉ်
