နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဓိကအကောင်အထည်ဖော်ဆောင်ရွက်ကြသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောနိုင်ငံဖြစ်အောင် နိုင်ငံ့ဝန်ထမ်းများက အကောင်အထည်ဖော်ကြသည်။ နိုင်ငံတော်အစိုးရကို ကိုယ်စားပြု၍ နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းရွက်ကြသူများဖြစ်သည်။ ခေတ်အဆက်ဆက် ပြည်သူ့အကျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးကြသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁ ရက်က ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ ရောက်ရှိစဉ် “နိုင်ငံရေးတွင် အာဏာရပါတီအလိုက်၊ အစိုးရအဖွဲ့အလိုက် မူဝါဒကွဲပြားသွားမည်ဖြစ်သော်လည်း ရုံး/ဌာနများအနေဖြင့် ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း၊ ဝန်ထမ်းအားလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် လျှောက်ထားခဲ့ကြပြီး ရွေးချယ်ခံခဲ့ရသူများဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဘဝကို ရရှိပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ ရွေးချယ်ခံဝန်ထမ်းဖြစ်သဖြင့် သာမန်နေ၍ရမည်မဟုတ်ဘဲ အရည်အသွေးရှိသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးစားအားထုတ်၍ မိမိဘဝတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ဆိုသည်မှာ သက်တမ်းကာလတစ်ခုအတွင်း နိုင်ငံတော်ကို ဦးဆောင်တာဝန်ယူဆောင်ရွက်ကြရသူများဖြစ်သည်။ မည်သည့်နိုင်ငံတွင်ဖြစ်စေ အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းများဟူ၍ရှိပြီး အစိုးရက နိုင်ငံရေးအရ ဦးဆောင်မှုပေး၍ မူဝါဒများ ချမှတ်ပေးကာ နိုင်ငံ့ဝန်ထမ်းများက အကောင်အထည်ဖော်ဆောင်ရွက်ကြရသည်။ နိုင်ငံရေးအရ ဦးဆောင်သူများအနေဖြင့် သက်တမ်းကာလအလိုက် အပြောင်းအလဲရှိနိုင်မည်ဖြစ်သော်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာမိမိတို့ဌာနတာဝန်များအလိုက် ဝန်ထမ်းသက်တမ်းကုန်ဆုံးသည်အထိ နိုင်ငံ့တာဝန်ယူထားသည့်အစိုးရအဖွဲ့၏ ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းရွက်ကြရသည်။ အရည်အချင်း၊ အရည်အသွေးပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်လာစေရန်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို ဆိုရှယ်လစ်ခေတ်တွင် စတင်ဖွင့်လှစ်၍ နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည်။ နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံရေးတွင် တူညီသည့်သဘောထားများဖြစ်စေရန်၊ ရုံးလုပ်ငန်းစည်းမျဉ်း စည်းကမ်းများအား စည်းစနစ်တကျဖြင့် တစ်ပြေးညီဖြစ်စေရန်အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် နိုင်ငံ့ဝန်ထမ်းဦးရေအရ လုံလောက်မှုမရှိသဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ထားသည့်သင်တန်းများ တက်ရောက်ပြီးမှသာ ရာထူးတိုးမြှင့်ခြင်းများကို ဆောင်ရွက်ပေးမည်ဟု သတ်မှတ်ထားသည်။ အဓိကအားဖြင့် ဝန်ကြီးဌာနအားလုံးရှိ နိုင်ငံ့ဝန်ထမ်းများအားလုံး ပုံစံတကျဖြစ်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များအား ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည်။ နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် အထောက်အကူပြုမည့် အခြေခံစစ်ပညာဘာသာရပ်များကို ထည့်သွင်းသင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးအရ အတွေးအခေါ်အယူအဆများ၊ သက်ဆိုင်ရာဘာသာရပ်များ၊ ရုံးလုပ်ငန်းများကို စနစ်တကျတတ်မြောက်ကျွမ်းကျင်သည့်အပြင် ကာကွယ်ရေးအတတ်ပညာများကိုပါ သင်ကြားပေးခြင်းအားဖြင့် နိုင်ငံတော်ကို ဘက်စုံအထောက်အကူပြုနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာမည်ဖြစ်သည်။
အခြေခံစစ်ပညာရပ်များကို ထည့်သွင်းသင်ကြားပေးခြင်းအားဖြင့် အမိန့်နာခံတတ်မှု၊ စည်းကမ်းစနစ်တကျဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်မှု၊ အစုအဖွဲ့စနစ်ဖြင့် စုစည်းညီညွတ်သည့် စိတ်ဓာတ်များဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာမည်ဖြစ်သည်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့်အတိုင်း ဝန်ထမ်းများ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေရေးနှင့် ပါတီနိုင်ငံရေးကင်းရှင်းသည့် ဝန်ထမ်းများ၊ နိုင်ငံကို ချစ်မြတ်နိုးသည့် စိတ်ရှိသည့် ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားသွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး နိုင်ငံတော်၏အကျိုးကို ထမ်းရွက်ကြသူများဖြစ်သည်။ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကို မှန်မှန်ကန်ကန် သိရှိနားလည်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် ထမ်းရွက်ကြရမည့်သူများဖြစ်ရာ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆောင်ပုဒ်အတိုင်း ဝန်ထမ်းအရည်အချင်း၊ အရည်အသွေးပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်နှင့် ပြည်သူကို တာဝန်ကျေပွန်စွာ အလုပ်အကျွေးပြုကြရမည်ဖြစ်ပါကြောင်း။ ။
