ဦးစိုးမြတ်မင်း (U-22 အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းအုပ်ချုပ်သူ)
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၃၈ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ U-22 အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ထိုင်းနိုင်ငံသို့လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြပြီဖြစ်သည်။ အသင်းအနေဖြင့် ရွှေရောင်အိပ်မက်များနှင့် လေ့ကျင့်စုဖွဲ့ခဲ့မှုတို့ကို U-22 အမျိုးသားဘောလုံးအသင်း၏ အုပ်ချုပ်သူတစ်ဦးဖြစ်သည့် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်း ဦးစိုးမြတ်မင်းအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်-
ဦးစိုးမြတ်မင်း
(U-22 အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းအုပ်ချုပ်သူ)
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲကြီးမှာ U-22 အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းရဲ့ အုပ်ချုပ်သူအဖြစ် ဆောင်ရွက်သွားမှာပါ။ ဆီးဂိမ်းပြိုင်ပွဲအတွက် အခုနှစ်မတ်လကတည်းကစပြီး အသင်းကို စုဖွဲ့ပြီး ခြေစမ်းပွဲတွေ တောက်လျှောက်ကစားခဲ့ပြီးတော့ ပြိုင်ပွဲတွေလည်း ယှဉ်ပြိုင်ခဲ့ပါတယ်။ အသင်းနည်းပြချုပ်ဖြစ်တဲ့ မစ္စတာကုရုရဲ့ လေ့ကျင့်မှုနဲ့ အကောင်းဆုံးပြင်ဆင်ထားပါတယ်။
နည်းပြချုပ်အနေနဲ့ လက်ရှိမှာ MNA One ဖြစ်တဲ့ National League One ပြိုင်ပွဲတွေကို ကြည့်ရှုပြီး ပြိုင်ပွဲထဲကမှ စိတ်ကြိုက်အကောင်းဆုံးဘောလုံးသမား ၂၃ ဦးကို ရွေးချယ်ခဲ့ပြီး ပြိုင်ပွဲဝင်တာ ဖြစ်ပါတယ်။ မြန်မာ U-22 အသင်းအနေနဲ့ ဖိလစ်ပိုင်အသင်းနဲ့ ဒီဇင်ဘာ ၅ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ကြိုတင်လေ့ကျင့်ပြင်ဆင်ချိန်ရအောင် ဒီနေ့ပဲထွက်ခွာတာဖြစ်ပါတယ်။ ချင်းမိုင်မြို့က အယ်လ်ပိုင်း Camp မှာ သုံးရက်လေ့ကျင့်သွားဖို့ရှိပါတယ်။
ဘောလုံးပြိုင်ပွဲမှာ အုပ်စုသုံးစုရှိပြီး မြန်မာ U-22 အသင်းဟာ အုပ်စု-စီမှာ ပါဝင်ပါတယ်။ အုပ်စု-စီမှာ မြန်မာ-ဖိလစ် ပိုင်နဲ့အင်ဒိုနီးရှား အသင်းတို့ပါဝင်ပါတယ်။ မြန်မာအသင်းအနေနဲ့ ဒီဇင်ဘာ ၅ ရက်မှ ဖိလစ်ပိုင်အသင်းနဲ့ ပထမဆုံးယှဉ်ပြိုင်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ပွဲစဉ်တိုင်းကို မြန်မာအသင်းအနေနဲ့ အင်တိုက်အားတိုက်နဲ့ စွမ်းအား ပြည့် အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။
U-22 အသင်းမှာအသင်းသား ၂၃ ဦး၊ နည်းပြနဲ့အုပ်ချုပ်သူ ၁၃ ဦး ပါဝင်ပါတယ်။ လူငယ်တွေရဲ့ လေ့ကျင့်မှုကို တွေ့မြင်ခဲ့ရတာ အားရကျေနပ်မှုရှိပါတယ်။ နည်းပြချုပ်အနေနဲ့ လေ့ကျင့်မှုပိုင်းကို အကောင်း ဆုံးပုံဖော်ထားတာကြောင့် ပြိုင်ပွဲမှာ အသင်းရဲ့ခြေစွမ်းတွေကို တွေ့မြင်ရမှာ ပါ။ အရင်က ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ အုပ်စုနှစ်စုသာရှိပေမယ့် အခုတော့အုပ်စုသုံးစုခွဲပြီး ကစားရတာကြောင့် ဘယ်လိုပဲဖြစ်နေဖြစ်နေထိပ်ဆုံးအသင်းမှာ ရပ်တည်နိုင်ဖို့ ဘယ်အသင်းကိုမှ လျှော့ပြီးကစားလို့မရတဲ့အတွက် အကောင်းဆုံးစွမ်းဆောင် ရည်နဲ့ကြိုးစားသွားဖို့ ပြင်ဆင်ထားပါတယ်။
အသင်းအနေနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရည်မှန်းချက်နဲ့အညီ အနိုင်ရဗိုလ်စွဲဖို့ အားလုံးရင်ထဲမှာ ရှိနေကြပါတယ်။ အသင်းအုပ်ချုပ်သူထက် ကိုယ်တိုင်ကစားကြမယ့် ညီငယ်လေးတွေရဲ့ ရင်ထဲမှာ ကျောက်စိုင်ကျောက်ခဲလို ပိုပြီးခိုင်မာနေကြတာပါ။ သတိထားရမှာက တစ်ဆင့်ချင်းအောင်မြင်မှုကို တက်လှမ်းသွားဖို့ လိုပါတယ်။ ဆီမီးဖိုင်နယ်ကိုတက်လှမ်းတဲ့ အသင်းလေးသင်းမှာ ပါဝင်အောင် အစွမ်းကုန်ပြင်ဆင်ကြိုးစားထားပြီးသားပါ။ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းအနေနဲ့ ရလဒ်ကောင်းတစ်ခုကိုရရှိဖို့ ပရိသတ်များရဲ့ ခွန်အားပြည့်အားပေးမှုများကို အသင်းအနေနဲ့ မျှော်လင့်ထားကြပါတယ်။ အကောင်းဆုံးကြိုးစားသွားမယ်လို့လည်း အသင်းကိုယ်စားပြောကြားလိုပါတယ်။
(၃၃) ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲကြီးတွင် U-22 အမျိုးသားဘောလုံးပြိုင်ပွဲအား အုပ်စုသုံးစုဖြင့် ဖွဲ့စည်းထားပြီး အုပ်စုအေ၌ ထိုင်း၊ စင်ကာပူ၊ တီမော၊ အုပ်စုဘီ၌ ဗီယက်နမ်၊ မလေးရှား၊ လာအိုနှင့် အုပ်စုစီ၌ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ဒီဇင်ဘာ ၅ ရက်တွင် မြန်မာအသင်း၏ အဖွင့်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ ဘောလုံးအားကစားကို ချစ်မြတ်နိုးကြသည့်၊ မြန်မာဘောလုံးအသင်းကို တက်တက်ကြွကြွ အစဉ်အားပေးနေကြသည့် မြန်မာပြည်သူများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်များကို ပွေ့ပိုက်ယူဆောင်လာကြမည့် မြန်မာဘောလုံး အသင်းအားတစ်ခဲနက် သောင်းသောင်းဖြဖြအားပေးကြပါစို့ဟု ရေးသားလိုက်ရပါသည်။
တွေ့ဆုံမေးမြန်း -သစ္စာ (MNA)
ဓာတ်ပုံ - ဇွဲမာန်
