Skip to main content

သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပဲခူး     နိုဝင်ဘာ ၁၂

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားခန်းမတွင် နိုဝင်ဘာ ၁၂ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေဖြင့် ဝယ်ယူထားသည့် သင်တန်း နှင့် သရုပ်ပြပွဲသုံး ပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများအား တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ များနှင့် အားကစားကလပ်များထံသို့ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အားကစားလုပ်ငန်းများ ဖော်ဆောင်မှု၏ အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အားကစားပစ္စည်းများနှင့် အားကစား အထောက်အကူပြုပစ္စည်း ပြည့်စုံမှုသည် အခြေခံကျသည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အတွင်းနေထိုင်ကြသည့် ပြည်သူလူထုအတွက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများကို အဖက်ဖက်က ကောင်းမွန်ပြည့်စုံလာအောင် စီမံဆောင်ရွက်‌ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၏ဂုဏ်ကို မြှင့်တင်ပေးနိုင် သည့် မျိုးချစ်စိတ်ဓာတ်ပိုမိုထက်သန်စေသည့် အားကစားကဏ္ဍကိုလည်း အစစအရာရာပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် အဓိကကျသည့် ခရိုင်နှင့်မြို့နယ်များမှ အားကစားကွင်း၊ အားကစားရုံများကို အသစ် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများကို ဘက်ဂျက်နှစ်အလိုက် ရန်ပုံငွေများ ခွင့်ပြုပေးပြီး ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခုလည်း ပဲခူးတိုင်းဒေသကြီး၏ အားကစား တိုးတက်အောင် ဆောင်ရွက်နေကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီများနှင့် အားကစားကလပ်များအတွက် အဓိကလိုအပ်နေသည့် အားကစား အထောက်အကူပြုပစ္စည်းများဖြစ်သည့် သင်တန်းများတွင်သုံးစွဲရန် အသုံးအဆောင်ပစ္စည်းများ၊ အားကစား ရုံများတွင် အသုံးပြုရန် အားကစားအထောက်အကူပြုပစ္စည်းများ၊ ပြေးခုန်ပစ် လေ့ကျင့်ရေးစခန်း ဖွင့်လှစ်ရန် ပြေးခုန်ပစ်အားကစားပစ္စည်းများ၊ အားကစားသမားများအတွက် မရှိမဖြစ်လိုအပ်သည့် GYM ပစ္စည်းများကို ဝယ်ယူထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အားကစားအဆင့်အတန်း ဖွံ့ဖြိုး တိုးတက်အောင်မြင်ရေးအတွက် အားကစားနည်း အလိုက် ဆပ်ကော်မတီများအနေဖြင့် အထူးကြိုးစား ဆောင်ရွက်ပေးကြရန်လို‌ကြောင်း အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုး‌အောင်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရံပုံငွေကျပ် (၂၇၂၂၇၀၀၀ဝိ/)ဖြင့် အားကစားပစ္စည်းများ ဝယ်ယူခဲ့မှုအ‌ခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် များမှ အားကစားနှင့် ကာယပညာ ကော်မတီများ အတွက် အားကစားပစ္စည်းများ ကိုလည်းကောင်း၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက အားကစား ကလပ်များမှ တာဝန်ရှိသူများထံသို့ သင်တန်းနှင့် သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစား အထောက်အကူပြု ပစ္စည်းများ၊ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစား ပစ္စည်းများကိုလည်း‌ကောင်း ထောက်ပံ့ပေးအပ်ကြပြီး ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဆပ် ကော်မတီဝင် ဦးဆန်နီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် Zumba Fitness Dance အဖွဲ့နှင့် Physical Fitness Danceအဖွဲ့တို့မှ အားကစား သမားများက သရုပ်ပြကပြကြပြီး ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက အားကစား ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)