နေပြည်တော် နိုဝင်ဘာ ၂၁
ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်အလိုက် ဘဏ္ဍာငွေပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲရလဒ်များကိုအခြေခံ၍ ဦးစီးဌာနအလိုက် နှစ်စဉ်စီမံကိန်းရေးဆွဲခြင်းနှင့် ရသုံးမှန်းခြေငွေစာရင်းပြုစုခြင်း၊ နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှုအစီရင်ခံစာပြုစုခြင်း၊ ဦးစီးဌာနအလိုက် လေ့လာဆန်းစစ်အကဲဖြတ်မှုအစီအစဉ်များ ရေးဆွဲခြင်းနှင့် အစီရင်ခံတင်ပြခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ယခင်နှစ် အလုပ်ရုံဆွေးနွေးပွဲရလဒ်များအရ ဦးစီးဌာနများအနေဖြင့် အကောင်အထည်မဖော်ရသေးသည့် လုပ်ငန်းအစီအစဉ်များ၊ အကောင်အထည်ဖော်နိုင်ခြင်းမရှိသည့် လုပ်ငန်းအစီအစဉ်များ ကျန်ရှိနေသည်ကိုတွေ့ရကြောင်း၊ ယင်းလုပ်ငန်းအစီအစဉ်များကို အမှန်တကယ်အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး အကောင်အထည်ဖော်နိုင်မည်ဆိုပါက ကျန်ရှိနေသောလုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဦးစီးဌာနများ၊ ဝန်ကြီးရုံးဌာနခွဲများနှင့် Naypyitaw State Academy အနေဖြင့် မိမိတို့သက်ဆိုင်ရာ မဟာဗျူဟာများ၊ လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်မှု ပိုမိုတိုးတက်လာစေရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာသူများအားလုံး အုပ်စုအလိုက် ဆွေးနွေးခြင်းများတွင် တက်တက်ကြွကြွဆွေးနွေးပေးကြရန်နှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ၏ ရည်မှန်းချက်ပန်းတိုင်ကို ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်အကုန်တွင် ပေါက်မြောက်အောင်မြင်စေရန် ဦးစီးဌာနများအလိုက် ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်းက အလုပ်ရုံဆွေးနွေးပွဲရည်ရွယ်ချက်နှင့် အဓိကရလဒ်များကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးရုံး၊ ဦးစီးဌာနများ၊ Naypyitaw State Academy တို့မှ တက်ရောက်လာသူများက ဦးစီးဌာနအလိုက် “စွမ်းဆောင်ရည်သုံးသပ်ခြင်းနှင့် ဘဏ္ဍာငွေသုံးစွဲမှုဆိုင်ရာ အကောင်အထည်ဖော်မှု” များကို အုပ်စုဖွဲ့ဆွေးနွေးကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၁ ရက်အထိ ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
