Skip to main content

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၁၁

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအတွင်း ရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။

ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် က လှူဒါန်းရသည့်အကြောင်း ရှင်းလင်းပြောကြားရာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ လွယ်ကူစွာ ဝယ်ယူရရှိနိုင်စေရေးအတွက် အွန်လိုင်းစနစ်ဖြင့် လျှောက် ထားတင်သွင်းနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပမှလှူဒါန်းပစ္စည်းများ လွယ်ကူ လျင်မြန်စွာ ရောက်ရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ရှေ့တန်းမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတဝန်ထမ်းများအား တတ်အားသရွေ့ပါဝင်ကူညီသည့်အနေဖြင့် မိမိတို့ဝန်ကြီး ဌာနမှ ဝန်ထမ်းများ၏ လစာငွေများမှ လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင် group တို့မှ လှူဒါန်းဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ကုသရေးဌာန၊ မရမ်းကုန်း (အင်းယားစင်တာ) ၏ ဦးစီးကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းက အင်းယားစင်တာကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ လမ်းညွှန်မှုများနှင့်အညီ ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း (၁၀,၀၀၀) နှင့် ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ်သိန်း (၃,၀၀၀) စုစုပေါင်း ငွေကျပ်သိန်းတစ်သောင်း သုံးထောင် ကနဦးမတည်လှူဒါန်း၍ Yangon Convention Center တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၁၀)ရက်မှ စတင်ဖွင့်လှစ်ကာ ကိုဗစ်အတည်ပြုလူနာများကို ပြုစုစောင့်ရှောက်ပေး နေခြင်းဖြစ်ပါကြောင်း။

Inya Centre Molecular Laboratory (Covid-19) ကို အင်းယားစင်တာမှ မတည်ရင်းနှီးငွေ သိန်းပေါင်း (၅,၃၀၀) ကျော်ဖြင့် အင်းယားစင်တာ ပရဝုဏ်အတွင်း ဆောင်ရွက်ထားပြီး ယခုလှူဒါန်း သည့် WHO နှင့် အမေရိကန်နိုင်ငံ FDA အသိအမှတ်ပြုလက်မှတ် ရရှိထားသော Boimeme RT-PCR (၁၀) လုံးနှင့် ဆက်စပ်ပစ္စည်းများကို အသုံးပြု၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးပေးသွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘောဇဘဏ်သည် ဖေဖေါ်ဝါရီလ (၂၆)ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် များအတွက်  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်   ငွေကျပ်(၈၄,၀၀၄)သိန်း လှူဒါန်းထားရှိပါကြောင်း၊ ကမ္ဘောဇဘဏ်၊ ရွှေသံလွင်ကုမ္ပဏီ နှင့် မိတ်ဖက်ကုမ္ပဏီ များသည် ဆက်လက်၍လည်း  နိုင်ငံတော်နှင့်ပြည်သူအတွက်  လှူဒါန်းသွားရန် စီစဉ်ထားရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရောဂါပိုးစစ်ဆေးမှုအခန်းကဏ္ဍသည် အထူးအရေးကြီး သည့် အတွက် ယခုကဲ့သို့ လှူဒါန်းမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကုသရေးဌာန (အင်းယား စင်တာ) ကို တည်ဆောက်နိုင်ခဲ့သည့်အတွက် COVID-19 ရောဂါဖြစ်ပွားသူ ပြည်သူများ အား ကုသမှုပေးရာတွင် များစွာအထောက်အကူဖြစ်ခဲ့ပါကြောင်း၊ မိမိတို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများနှင့်အတူ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် လက်တွဲပူး ပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို ဆက်လက် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ရှေ့တန်းမှ အစွမ်းကုန်ကြိုးပမ်း တာဝန်ထမ်းဆောင်ကာ ကိုဗစ်-၁၉ လူနာ များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ ရရှိရန်မှာ အထူးအရေးကြီးပါကြောင်း၊ ထိုသို့ ဆေးဝါးနှင့်ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ လွယ်ကူ လျင်မြန်စွာ ဝယ်ယူရရှိနိုင်ရေးအတွက် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထားကာ ဆောင်ရွက်ပေးခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများက မိမိတို့၏ လစာများမှ လှူဒါန်းခြင်းမှာ မွန်မြတ်သော အလှူဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရာတွင် ဓာတ်ခွဲစစ်ဆေးပြီး အတည်ပြုလူနာ ဖော်ထုတ်မှုနှင့် ၎င်းလူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေ ဖော်ထုတ် ဓာတ်ခွဲစစ်ဆေးခြင်းများသည် အရေးကြီးပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းမှုများကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင် ထိရောက်စေမည်ဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျှော်အမြင်ရှိစွာဖြင့် COVID-19 ကုသရေးဌာန (ဖောင်ကြီး) အပါအဝင် ကုသရေးဌာနများ တည်ဆောက်ရာတွင် ပံ့ပိုးပေးခဲ့မှုများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း နောက်တွင်လည်း ကူးစက်မှုလှိုင်းငယ်များရှိလာနိုင်ပြီး ကူးစက်မှုလှိုင်းများ မကြီးမားစေရန်နှင့် ၎င်းလှိုင်းများ တစ်ခုနှင့် တစ်ခုအကြား အချိန်ကွာခြားမှု ကြာမြင့်စေရန်  အတွက် COVID-19 ကာကွယ်ရေးစည်းကမ်းများကို အလေးထားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ စွမ်းရည်ထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ပြီးနောက်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံရန်မှာ ကာကွယ်ဆေးရရှိမှု ပမာဏ အပေါ်မူတည်၍ အချိန်ကြာမြင့်နိုင်မည်ဖြစ်ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာကူးစက် သည့်ရောဂါဖြစ်ခြင်း စသည့်အချက်များကြောင့် ပြည်သူများအနေဖြင့် ယခုကျင့်သုံးလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၊ ဝန်ထမ်းများ၏ လှူဒါန်းငွေ ကျပ်သိန်း (၁၀၀) နှင့် Surgical Mask အခု (၁) သိန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် အင်းယားစင်တာမှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံ Inya Centre Molecular Laboratory (Covid-19) ကိုပေးအပ်လှူဒါန်းခဲ့ပြီး၊ ဓာတ်ခွဲခန်းတွင် အသုံးပြုရန် ငွေကျပ်သိန်း (၅,၁၅၀) ခန့်တန်ဖိုးရှိ RT- PRC စက် (၁၀) လုံးနှင့် PCR Test Kit (၁၀,၀၀၀)တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)