နေပြည်တော် နိုဝင်ဘာ ၁၁
လယ်ယာကဏ္ဍလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက VIRTUAL MEETING စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂၀၂၀ စက်တင်ဘာလ ဆန်းတွင် စတင်ဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုတင်းကြပ်စွာ ချမှတ်ဆောင်ရွက်ခဲ့ရသဖြင့် လယ်ယာ ကဏ္ဍဆိုင်ရာ ထောက်ပံ့ရေးလမ်းကြောင်းအပေါ် အကျိုးသက်ရောက်မှုနှင့် ထုတ်လုပ်မှုကွင်း ဆက်တစ်လျှောက် နှောင့်နှေးကြန့်ကြာမှု ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုများ ဝယ်ယူသုံးစွဲရေး၊ မိုးစပါးများအချိန်မီရိတ်သိမ်းနိုင်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများ အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း။
ပြည်တွင်းရောင်းဝယ်ရေး၊ နိုင်ငံခြားသို့ တင်ပို့ရောင်းချရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေး စသည်တို့အတွက် ဒေသအသီးသီးက ထွက်ရှိလာသည့် စပါးများအား ဝယ်ယူကာ သိုလှောင်ရုံများသို့ ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆန်စပါး ရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်စပ် ဆောင်ရွက်ပေးရန်လည်း လိုအပ်ကြောင်း။
ကိုဗစ်-၁၉ ကာလအတွင်း လယ်ယာထွက်ကုန်များ၏ ဈေးကွက် ဈေးနှုန်းပြောင်းလဲ လာမှုကြောင့် ပုံမှန် လည်ပတ် ရောင်းဝယ် ဖောက်ကားမှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်ရေး တို့တွင် ပြည်တွင်း၊ပြည်ပဈေးကွက် လိုအပ်ချက် သတင်းအချက်အလက်များကို စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ ကြိုတင်သိရှိနိုင်ရေးအတွက် ရာသီချိန်အလိုက် သီးနှံထွက်ရှိမှု၊ ဈေးကွက်တင်ပို့မှု ဆိုင်ရာ မှတ်တမ်းများ၊ ရေတိုရေရှည် သီးနှံဈေးကွက်ဆိုင်ရာ နည်းဗျူဟာများ ရေးဆွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တောင်သူများအတွက် လိုအပ်သည့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကူညီပေးနိုင်ရန် နေပြည်တော် ရုံးချုပ် စိုက်ပျိုးရေး Call Center ထူထောင်ဆောင်ရွက် လျက်ရှိသကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ်များ၏ အစီအစဉ်ဖြင့် ဆင့်ပွား Call Center များ ထူထောင်ခြင်း၊ Viber Group ၊ Messenger Group များ ဖွဲ့စည်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
ဆည်ရေသောက်ဒေသများတွင် ဆည်နှင့် ရေလှောင်တမံများ၌ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို စိစစ်ပြီး အဆိုပါဆည်၊ ရေလှောင်တမံများ၏ ရေသောက် ဧရိယာများတွင် ရေကို အလေအလွင့် မရှိစေဘဲ အကျိုးရှိရှိ အသုံးချနိုင်ရေး၊ အခြားသော ရေအရင်းအမြစ်များ ဖော်ထုတ်သုံးစွဲနိုင်ရေး၊ အခြားသင့်လျော်သည့် သီးနှံပုံစံနှင့် စိုက်နည်း စနစ်များ ပြောင်းလဲ စိုက်ပျိုးနိုင်ရေး တို့အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နည်းပညာ အသစ်များဖြင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော မျိုးသစ်များ၊ သက်တမ်းတိုမျိုးများ ရရှိရန် အတွက် သုတေသန စမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊ သီးနှံနှင့် သီးနှံပုံစံ ပြောင်းလဲ စိုက်ပျိုးခြင်း၊ ဒေသအလိုက် ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် မူတည်ပြီး မိမိတို့ဒေသ အတွင်းရှိ လယ်ယာကဏ္ဍဆိုင်ရာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု၊ ထိခိုက်မှုနည်းနိုင်သမျှ နည်းပါးအောင် လိုအပ်သော ပြုပြင်ပြောင်းလဲရေး နည်းလမ်းများအား တောင်သူများ နားလည် သဘောပေါက် လိုက်နာ ဆောင်ရွက်ကြစေရေး စည်းရုံးပညာပေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် တာဝန်ရှိသူများက ဒေသအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်ပေးခဲ့ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များအတွင်း စိုက်ပျိုးမွေးမြူရေး အပါအဝင် ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန် Cash for Work နှင့် Cash for Training အစီအစဉ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ပထမလှိုင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ လယ်ယာ လုပ်သား လိုအပ်ချက်ဖြစ်ပေါ်ခဲ့မှုနှင့်အတူ မိုးခေါင်မှုကြောင့် စိုက်ပျိုးရေ လိုအပ်ချက်များ ကြုံတွေ့ခဲ့ရခြင်းကြောင့် မိုးစပါးစိုက်ဧရိယာ(၆၀) ရာခိုင်နှုန်းခန့်အနေဖြင့် ပျိုးထောင်စိုက်ပျိုးနိုင်ခဲ့ခြင်းမရှိပဲ ကြဲပက်စိုက်ပျိုးခြင်း ၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်းများဆောင်ရွက် ခဲ့ရပြီး ယခင်နှစ်က မိုးစပါးသီးနှံ ဧက (၁၄ ဒသမ ၉၇)သန်း စိုက်ပျိုးနိုင်ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အောက်တိုဘာလကုန်အထိ စိုက်ဧက (၁၄ ဒသမ ၉၂) သန်းကျော် စိုက်ပျိုး နိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ၌ မျိုးစေ့ထုတ် တောင်သူလယ်သမားအစုအဖွဲ့များ၊ မျိုးစေ့ထုတ် သမဝါယမအသင်းများ၊ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေသူ လုပ်ကွက်ငယ်အကျိုးဆောင် တောင်သူများကို မျိုးစေ့ဆိုင်ရာ စံချိန်စံညွှန်း များနှင့် ညီညွတ်သည့် မျိုးစေ့များ စိုက်ပျိုးထုတ်လုပ် ပေးနိုင်ရေးအတွက် ထောက်ပံ့မှုများ ပေးအပ်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၌ မိုးစပါးမျိုးစေ့ထုတ် ဧရိယာ ဧက တစ်သိန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)