နေပြည်တော် နိုဝင်ဘာ ၉
ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်၌ တရားမဝင်ဂိတ်များဖွင့်လှစ်ပြီး အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက ငွေကြေးများကောက်ခံ၍ ပြည်ပမှ တရားမဝင်ပစ္စည်းများ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ တပ်မတော်က အဆိုပါဒေသအား ပြန်လည်ထိန်းချုပ်ပြီးဖြစ်ရာ ဖွင့်လှစ်ထားသည့် ကုန်သွယ်ရေးဂိတ်များနှင့် ကုန်ပစ္စည်းများ သိုလှောင်ဖြန့်ဖြူးသည့် အဆောက်အအုံများကို ဖျက်ဆီးရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဖျက်ဆီးရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးအဖွဲ့နှင့် ဖယ်ရှားရှင်းလင်းရေးအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် စက်၊ ယာဉ်၊ ယန္တရားများနှင့်အတူ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်ရှိ ၃၅ ဂိတ် ဒေသအခေါ် အောင်ပါဝါဂိတ်-၂ ကို သွားရောက်စစ်ဆေးပြီး အလျားပေ ၁၂၀၊ အနံပေ ၆၀၊ အမြင့် ၂၅ ပေရှိ သံဖရိန်၊ အုတ်တက်၊ သွပ်မိုးသွပ်ကာ ပစ္စည်းသိုလှောင်ရုံအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည်။
“မြဝတီမြို့ သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ တရားမဝင်ဖွင့်လှစ်ပြီး ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ် ၃၀ မှာရှိတဲ့ ကုန်ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်တွေ၊ လှေဆိပ်ကင်းတဲနဲ့ လှေဆိပ်အစောင့်တဲတွေ၊ လှေဆိပ်အဆင်း အုတ်လှေကားတွေ ကုန်တင်ကုန်ချ လျှောလမ်းတွေကို အောက်တိုဘာ ၃၁ ရက်က စပြီးတော့ စစ်ဆေးဖျက်ဆီးရှင်းလင်းတာတွေ စတင်ဆောင်ရွက်ခဲ့ပါ တယ်။ ရှင်းလင်းပြီးစီးမှုအနေနဲ့ကတော့ ၁၉ ဂိတ်၊ ကျောက်ဖျာဂိတ်၊ ကပေါ်ထူးဂိတ်၊ ၁၄ ဂိတ်၊ ၈ ဂိတ်/ ၈ ဂိတ်ခွဲ၊ ၉ ဂိတ် ဒေသအခေါ် အောင်ပါဝါဂိတ်၊ ၁၈ ဂိတ် ဒေသအခေါ် နေစိုးမြဂိတ်၊ ၁၃ ဂိတ်၊ သုညဂိတ်နဲ့ ၁၀ ခွဲဂိတ် ဒေသ အခေါ် ၉၉၉ ဂိတ် တို့ဖြစ်ပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ဖယ်ရှားရှင်းလင်း ရေးအဖွဲ့ဝင်များက ထပ်မံ၍ ကင်းစခန်း(၂)၊ (၁၂)ဂိတ် ကင်းစခန်း(၃)၊ (၁၄) ဂိတ် ကင်းစခန်း (၁) နှင့် Grand Myawaddy ဂိတ် ကင်းစခန်း(၅) တို့ကို သွားရောက်စစ်ဆေး ရှင်းလင်းခဲ့ကြသည့်အပြင် ဂိတ်စခန်းအဖြစ်မှ ဖျက်သိမ်းထားသည့် သဖန်းပင်ဂိတ်၊ သဲပုံဂိတ်၊ ကျောက်တန်းဂိတ်နှင့် မာမီဂိတ်တို့ကိုလည်း စစ်ဆေးရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
“နိုင်ငံတော်က သတ်မှတ်ထားတဲ့ တရားဝင်ကုန်သွယ်ရေးဇုန်တွေကနေ ကုန်ပစ္စည်းတွေကို မတင်သွင်းဘဲ၊ တရားမဝင်ဂိတ်တွေကနေ ငွေကြေးရယူပြီး မြန်မာနိုင်ငံထဲကို ကုန်ပစ္စည်းတွေကို တင်သွင်းတာမျိုးရှိပါတယ်။ ဒီတော့ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ အများကြီး နစ်နာဆုံးရှုံးပါတယ်။ တစ်ဖက်နိုင်ငံအနေနဲ့ တရားမဝင်တင်သွင်းတဲ့ လမ်းကြောင်းတွေ အနီးမှာ တရားဝင်ဂိတ်တွေ ဖွင့်လှစ်ထားရှိပြီး ကောက်ခံတဲ့အတွက် အခွန်အခတွေ မဆုံးရှုံးဘူး။ ဒီလိုမျိုး ဆောင်ရွက်နေတာက သူတို့အနေနဲ့ တရားမဝင်ကုန်သွယ်မှုကို အားပေးရာရောက်နေတဲ့အတွက် သတ်မှတ်ထားတဲ့ တရားဝင်ကုန်သွယ်ရေး လမ်းကြောင်းတွေကနေပဲ ကုန်ပစ္စည်းတွေကို တင်သွင်းသင့်ပါတယ် ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောပြသည်။
အောင်ဂျိုင်း၊ ဓာတ်ပုံ - မင်းမင်း
