Skip to main content

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၇

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသမိုင်းတစ်လျှောက်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အရေးကြီးသည့်အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း၊ နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ အသွင်အမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲပြီး ယနေ့ခေတ်ကာလတိုင်အောင် နိုင်ငံတော်၏အုပ်ချုပ်ရေးကို အထောက်အကူပြုသည့် ဌာနကြီးတစ်ခုအနေဖြင့် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဌာန၏ရည်မှန်းချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် ဌာန၏မူဝါဒများဖြစ်သည့် နိုင်ငံတော်မူဝါဒလိုက်နာရေး၊ အခြေခံသဘောတရားနှင့် ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးနှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးတွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် သက်ဆိုင်ရာခရိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ထိခိုက်ပျက်စီးမှုစာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ ယာယီနေထိုင်နိုင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းများအပေါ် ဌာနအနေဖြင့် များစွာဂုဏ်ယူရကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက် ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အရာထမ်း၊ အမှုထမ်းများအနေဖြင့် လိုအပ်သည့် အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့် နိုင်ငံ့အကျိုးကို အစဉ်သယ်ပိုးနိုင်ပြီး အရည်အသွေးပြည့်ဝသည့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ဌာနတူညီဝတ်စုံများနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် စံပြဆု၊ ပထမဆုရရှိသူများကို ဆုများ ချီးမြှင့်ခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ သား  သမီးများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်