Skip to main content

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၇) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၇

ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပုံနှိပ်ထုတ်ဝေနိုင်ခဲ့

ဦးစွာ ဥပဒေဘာသာပြန်ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသီတာဦးက ယခုအစည်းအဝေးသည် မိမိကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလ၌ (၁၀) ကြိမ်မြောက် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ယင်းကာလတွင် ယခင်အင်္ဂလိပ်ကိုလိုနီခေတ်၌ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သည့် ဥပဒေ ၂၈ ရပ်ကို မြန်မာဘာသာပြန်ဆို အတည်ပြုခဲ့ပြီး ဥပဒေဘာသာပြန်စာအုပ်အမှတ် (၉)မှ (၁၆) ထိ စာအုပ် ရှစ်အုပ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ကြောင်း၊ စာအုပ်အမှတ် (၁၆)တွင် The Bills of Lading Act ၊ The District Cesses Act ၊ The Fatal Accidents Act ၊ The Myanmar Passport Act ၊ The Poisons Act နှင့် The Religious Societies Act တို့ကို ပုံနှိပ် ထုတ်ဝေနိုင်ခဲ့ကြောင်း။

ယခုအစည်းအဝေးတွင် ဥပဒေ ၆ ရပ်ဖြစ်သည့် The Judicial Officers Protection Act ၊ The Treasure Trove Act ၊ The Obstructions in Fairways Act ၊ The Myanmar Territorial Force Act၊ The Water Power Act နှင့် The Evidence Act တို့ကို ဆွေးနွေးအတည်ပြုမည်ဖြစ်ပြီး ဘာသာပြန်ဆိုချက်များ တည့်မတ်မှန်ကန်စေရေးအတွက် အားလုံးက ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားသည်။

နှစ်ရက်ကြာကျင်းပမည်

အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင် အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များမှ အဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးကြပြီး အစည်းအဝေးကို နိုဝင်ဘာ ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်