နေပြည်တော် နိုဝင်ဘာ ၇
တပ်မတော် (လေ) မှ လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော် (လေ) မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
အဆင့်မြှင့်တင်ဆောင်ရွက်
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း တပ်မတော်ပိုင် လေယာဉ်/ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားများကို ၁၅ ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး လေယာဉ်/ ရဟတ်ယာဉ်များ တပ်မတော် (လေ) သို့ အင်အားဖြည့်တင်းပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ရှိပြီးသားလေယာဉ်/ ရဟတ်ယာဉ်များကိုလည်း စွမ်းရည်ပိုမိုတိုးတက် ကောင်းမွန်စေရန် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ လေယာဉ်/ ရဟတ်ယာဉ်များ အသစ်ထပ်မံဖြည့်တင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာဖြစ်စေခဲ့သည့်အပြင် မြန်မာ့ဝေဟင်ပိုင်နက်စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း။
တပ်မတော် (လေ) အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ပြည့်ဝအောင်မြင်စွာ ထမ်းဆောင်နိုင်ရန်အတွက် သယ်ယူပို့ဆောင်ရေး လေယာဉ်/ ရဟတ်ယာဉ်များသည် အရေးပါသည့် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေး ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေး လေယာဉ်/ ရဟတ်ယာဉ်များသည် နည်းလမ်းအမျိုးမျိုးဖြင့် အထောက်အကူပြု စွမ်းဆောင်ပေးနိုင်သည်ကို ထင်ရှားစွာ တွေ့မြင်နေရကြောင်း။
အကျိုးကျေးဇူးများ
ယနေ့ တပ်တော်ဝင်ပေးမည့် သယ်ယူပို့ဆောင်ရေးလေယာဉ်/ ရဟတ်ယာဉ်များသည် ယခုပြောခဲ့သည့် လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်အောင်မြင်စွာ ထမ်းဆောင်စေနိုင်ရန် စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည့်အတွက် တပ်မတော်အတွက်သာမက နိုင်ငံတော်နှင့် ပြည်သူလူထုအတွက်ပါ အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးလာမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း၊ ထိုသို့အကျိုးကျေးဇူးများ ရရှိလာစေရန် တပ်မတော် (လေ) တွင်ရှိသည့် လေသူရဲနှင့် လေယာဉ်သားများ၊ စက်မှုလက်မှုပညာရှင်များ၊ အုပ်ချုပ်ထောက်ပံ့မှုတာဝန်ရှိသူများကလည်း တပ်တော်ဝင် ဖြည့်ဆည်းပေးထားသည့် လေယာဉ်/ ရဟတ်ယာဉ်များနှင့် အထောက်အကူပြုစနစ်များကို ကျွမ်းကျင်စနစ်ကျစွာ ပျံသန်းအသုံးပြုကြရန်၊ မိမိကျရာတာဝန်ကို ကျေကျေပွန်ပွန် အောင်အောင်မြင်မြင်ဖြင့် အစွမ်းကုန် ထမ်းဆောင်ကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုကြောင်း။
လတ်တလောကာလ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာမက ပြည်တွင်းတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် အခြေအနေအရပ်ရပ်များတွင်ပါ လေယာဉ်/ ရဟတ်ယာဉ်များ၊ ဒရုန်းနှင့် ယူအေဗွီများအပါအဝင် လေကြောင်းစွမ်းအားအရင်းအမြစ်များသည် မရှိမဖြစ်လိုအပ်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံအသီးသီးသည် လေတပ်အပါအဝင် လေကြောင်းစွမ်းအား ထုတ်လုပ်ဖြန့်ကြက်ပေးနိုင်သည့် တပ်ဖွဲ့အမျိုးမျိုးကို အင်အားတိုးတက်ရုံသာမက ခေတ်မီအဆင့်မြင့်စေရန်အတွက်ပါ တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း၊ တစ်ဖက်တွင်လည်း Non-State Actor များဖြစ်သည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများ၊ ဝိသမစီးပွားရှာလိုသည့် အဖွဲ့အစည်းများသည်လည်း လေကြောင်းဆိုင်ရာ အရင်းအမြစ်များကို ပိုင်ဆိုင်အသုံးပြုလာနိုင်အောင် ကြိုးပမ်းနေကြသည်ကို လေ့လာတွေ့ရှိရကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် ပထဝီတည်နေရာအရ အချက်အချာကျသည့်နေရာတွင် တည်ရှိနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီး နှစ်ခုအကြားတွင် တည်ရှိနေသည့်အပြင် တောင်အာရှနှင့် အရှေ့တောင်အာရှကို ဆက်စပ်ပေးထားသည့်နေရာဒေသလည်းဖြစ်ကြောင်း၊ ရေကြောင်းအနေဖြင့် ကြည့်ပါကလည်း ဖြတ်သန်းသွားလာမှုအများဆုံး ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းများနှင့် နီးကပ်စွာ တည်ရှိနေကြောင်း၊ မိမိကိုယ်ပိုင် အနေဖြင့်လည်း သဘာဝသယံဇာတအမျိုးမျိုး ပေါကြွယ်ဝသည့် ရေပြင်ပိုင်နက်နှင့် သီးသန့်စီးပွားရေးဇုန်တို့ကို ကျယ်ပြန့်စွာ ပိုင်ဆိုင်ထားကြောင်း၊ ပြည်တွင်းပထဝီအနေအထားကလည်း တောတောင်ထူထပ်ပြီး မြစ်ချောင်းအင်းအိုင်များ ပေါများစွာ တည်ရှိနေသည့်အတွက် သာမန်သွားလာကူးသန်းရန် အကန့်အသတ်များရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
ခေတ်မီအဆင့်မြင့်စေရန် ကြိုးပမ်းတည်ဆောက်
ပထဝီနိုင်ငံရေးအရရော နိုင်ငံရေးပထဝီအခြေအနေအရပါ ထူးခြားသည့်အခြေအနေများ ပိုင်ဆိုင်ထားသည့် မိမိတို့နိုင်ငံအနေဖြင့် ယခုအခြေအနေများထဲက မိမိနိုင်ငံအတွက် ကောင်းကျိုးများ အပြည့်အဝရရှိခံစားအသုံးချနိုင်ရန် လေကြောင်းစွမ်းအားသည် မရှိမဖြစ် လိုအပ်သည့်အပြင် အင်အားကောင်းမွန်စေရန်၊ ခေတ်မီအဆင့်မြင့်စေရန် မဖြစ်မနေ ကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော် (လေ) သည် မိမိတို့နိုင်ငံ၏ လေကြောင်းစွမ်းအားအရင်းအမြစ်များအနက် အဓိကကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော် (လေ) အင်အားတောင့်တင်းခိုင်မာစေရေးနှင့် ခေတ်မီစေရေးအတွက် ရေတိုရေရှည် တွက်ဆဆောင်ရွက်ပေးလျက်ရှိကြောင်း။
မျက်ခြည်မပြတ် လေ့လာ
လေကြောင်းစွမ်းအားအရင်းအမြစ်များသည် နည်းပညာတိုးတက်ပြောင်းလဲမှုအပေါ် အဓိကတည်မှီနေသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ တပ်မတော် (လေ) အနေဖြင့် စွမ်းဆောင်ရည် အစဉ်ကောင်းမွန်နေရန် နည်းပညာတိုးတက်ပြောင်းလဲနေမှုကို မျက်ခြည်မပြတ် လေ့လာအကဲခတ်နေရမည်ကို သတိပေးပြောကြားလိုကြောင်း။
အရည်အသွေးမြင့်မားကောင်းမွန်သည့် လေယာဉ်/ ရဟတ်ယာဉ်များ ပိုင်ဆိုင်အသုံးပြု နိုင်ရေးဆောင်ရွက်ရာတွင် အသစ်ဝယ်ယူဖြည့်တင်းခြင်းသာမက လက်ရှိပိုင်ဆိုင်ထားသည့် လေယာဉ်/ ရဟတ်ယာဉ်များကို စွမ်းရည်ပြည့် ပျံသန်းအသုံးချနိုင်ရန် စနစ်တကျ ထိန်းသိမ်းကိုင်တွယ်ပြင်ဆင်မွမ်းမံခြင်း၊ အခါအားလျော်စွာ အဆင့်မြှင့်တင်မွမ်းမံခြင်းတို့ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ဒီလိုလုပ်ဆောင်နိုင်ခြင်းဖြင့် ငွေကြေးအကုန်အကျ များစွာသက်သာလျော့နည်းစေနိုင်မည်ဖြစ်ကြောင်း။
လက်ရှိ မိမိတို့မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်ပြီး အနည်းငယ်အသိပေးပြောကြားလိုကြောင်း၊ ပြည်တွင်း ပြည်ပနှောင့်ယှက်စွက်ဖက်မှုအမျိုးမျိုး၊ သပ်လျှို သွေးခွဲမှုအမျိုးမျိုး၊ ကိုယ်ကျိုးရှာမှု အမျိုးမျိုးတို့ကြောင့် တပ်မတော်အနေဖြင့် မလွှဲသာဘဲ နိုင်ငံတော်တာဝန်များကို ခေတ္တတာဝန်ယူ ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ အခုအခါ တိုးတက်ဖြစ်ပေါ်သည့် အခြေအနေများနှင့်အညီ အများပြည်သူ လိုလားတောင့်တချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပေးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲက ပေါ်ထွန်းလာမည့် ရွေးကောက်ခံအစိုးရထံ နိုင်ငံတော်တာဝန်များကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွှဲအပ်သွားမည်လည်း ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းအချို့သည် ၎င်းတို့လိုလားချက်အတိုင်း မဟုတ်သည့်အတွက် ရွေးကောက်ပွဲ မဖြစ်မြောက်စေရန်၊ ပျက်ပြားစေရန် နည်းလမ်းပေါင်းစုံဖြင့် စွက်ဖက်လုပ်ဆောင်ဟန့်တားလျက်ရှိကြောင်း၊ တစ်ဖက်မှလည်း အကြမ်းဖက် သောင်းကျန်းသူများသည် တပ်မတော်နှင့် ပြည်သူ ပူးပေါင်းလုပ်ဆောင်ချေမှုန်းမှုကြောင့် တဖြည်းဖြည်းအရေးနိမ့်လာလျက်ရှိကြောင်း၊ ၎င်းတို့ ခေတ္တစိုးမိုးထားသည့်နယ်မြေများကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် နိုင်ငံပိုင် လမ်းတံတားအဆောက်အအုံများ၊ ပြည်သူလူထု၏ နေအိမ်တိုက်တာနှင့် ပိုင်ဆိုင်မှုများကို သွေးရူးသွေးတန်း တိုက်ခိုက်ဖျက်ဆီးလုယက်ယူဆောင်လျက် ရှိကြောင်း၊ ထိုသို့တိုက်ခိုက်ဖျက်ဆီးမှုများကို ဟန့်တားချေမှုန်းရန် အထူးလိုအပ်ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အကူအညီကိုရယူကာ ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ကို အသိပေးပြောကြားလိုကြောင်း။
စွမ်းအားအရင်းအမြစ်များ အကျိုးအရှိဆုံး အသုံးချ
တပ်မတော် (လေ) ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး လာမည့်ဒီဇင်ဘာလဆိုပါက သက်တမ်း ၇၈ နှစ် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း၊ အဆိုပါကာလအတွင်း၌ တပ်မတော်(လေ)သည် တပ်မတော်၏ အဓိကအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပေးအပ်လာသည့် တာဝန်အမျိုးမျိုးကို အစွမ်းကုန်ကျေပွန်ပြီးမြောက်အောင် ကြိုးပမ်းထမ်းဆောင်ခဲ့သည်ကို ဂုဏ်ယူဖွယ်တွေ့ရှိရကြောင်း၊ လက်ရှိတွင်လည်း တပ်မတော် (လေ) သည် မိမိတွင် ရရှိပိုင်ဆိုင်ထားသည့် လေကြောင်းစွမ်းအားအရင်းအမြစ်များကို အကျိုးအရှိဆုံး အသုံးချကာ ရည်မှန်းချက်တာဝန်များကို အောင်မြင်ထိရောက်စွာ ထမ်းဆောင်လျက်ရှိသည်ကို အသိအမှတ်ပြုပြောကြားလိုကြောင်း၊ ထိုသို့ထမ်းဆောင်နိုင်ခြင်းသည် တပ်မတော် (လေ) ၏ အဓိကမဏ္ဍိုင်ကြီး ၃ ရပ်ဖြစ်သည့် ပျံသန်းရေးကဏ္ဍမှ လေသူရဲနှင့် လေယာဉ်သားများ၊ စက်မှုလက်မှုကဏ္ဍမှ အင်ဂျင်နီယာနှင့် ကျွမ်းကျင်ပညာသည်များ၊ အုပ်ချုပ်ရေးကဏ္ဍမှ အုပ်ချုပ်ထောက်ပံ့မှုနှင့် ရုံး လုပ်ငန်းဆိုင်ရာ ပညာသည်များနှင့် စာရေးများ ဟန်ချက်ညီပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း၊ လာမည့်အနာဂတ်တွင်လည်း ယနေ့တပ်တော်ဝင်ပေးမည့် လေယာဉ်/ ရဟတ်ယာဉ်များကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချ၍ ဟန်ချက်ညီ ပူးပေါင်းကြိုးစားလုပ်ဆောင်ပြီး လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်
ယနေ့ တပ်တော်ဝင်ပေးလိုက်သည့် လေယာဉ်/ ရဟတ်ယာဉ်များကို မြတ်နိုးတန်ဖိုးထားပြီး ကျွမ်းကျွမ်းကျင်ကျင် ထိထိရောက်ရောက် ပျံသန်းကိုင်တွယ်အသုံးပြုထိန်းသိမ်းပြီး စွမ်းရည်အဆင့်အတန်းမြင့်မားသည့် လေတပ်မတော်တစ်ခုဖြစ်ကြောင်း သက်သေပြကြရန်၊ နိုင်ငံတကာဆက်ဆံရေး၊ ပထဝီနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲလာမှုများနှင့် သိပ္ပံနှင့် နည်းပညာအဆင့်မြင့်တိုးတက်လာမှုအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်ဖော်ထုတ်ပြီး တပ်မတော် (လေ) ၏ တိုက်စွမ်းအား အစဉ်ထိရောက်မြင့်မားနေအောင် ကြိုးပမ်းတီထွင် လုပ်ဆောင်သွားကြရန်၊ ရရှိပိုင်ဆိုင်ထားပြီးဖြစ်သည့် လေကြောင်းစွမ်းအားအရင်းအမြစ်များကို အထိရောက်ဆုံး အသုံးချနိုင်စေရေး စဉ်ဆက်မပြတ် လေ့ကျင့်ခြင်း၊ သုတေသနပြု စမ်းသပ်တီထွင်ထုတ်လုပ်ခြင်း၊ အလဟဿဆုံးရှုံးပျက်စီးထိခိုက်မှုမရှိအောင် အလေးထားလုပ်ဆောင်ခြင်းစသည့် လုပ်ငန်းစဉ်များကို ပျံသန်းရေး၊ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး ၃ ရပ် ပေါင်းစပ်ညှိနှိုင်းကာ တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ်စီမံလုပ်ဆောင်ကြရန်၊ တပ်မတော်၏ ကောင်းမြတ်သည့်အစဉ်အလာများကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်ပြီး ကမ္ဘာတည်သရွေ့ မြန်မာတည်အောင် ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လေယာဉ်၊ ရဟတ်ယာဉ်များအား တပ်တော်ဝင်အဖြစ် ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် လေယာဉ်ပုံစံငယ်ကို ဂါရဝပြုပေးအပ်သည်။
ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းနှင့် စွမ်းရည်ပြသခြင်းများကို ဆောင်ရွက်ရာ Mi-17 ရဟတ်ယာဉ် လေးစင်း၊ Eurocopter ရဟတ်ယာဉ် နှစ်စင်းတို့က Composite Formation ပုံစံဖြင့်လည်းကောင်း ၊ Bell – 206 ရဟတ်ယာဉ် နှစ်စင်း၊ H-125 ရဟတ်ယာဉ် နှစ်စင်းတို့က Composite Box Formation ပုံစံဖြင့်လည်းကောင်း၊ MTX-1B ကင်းထောက်လေယာဉ် တစ်စင်း၊ MTX-A ကင်းထောက်လေယာဉ်တစ်စင်းနှင့် Grob-120 TP အမောင်းသင်လေယာဉ် တစ်စင်းတို့က Trail Formation ပုံစံဖြင့်လည်းကောင်း၊ ATR-72 သယ်ယူ ပို့ဆောင်ရေးလေယာဉ် တစ်စင်း၊ Beech-1900D သယ်ယူပို့ဆောင်ရေးလေယာဉ် နှစ်စင်းတို့က Composite Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ K-8 ဂျက်တိုက်လေယာဉ် လေးစင်းတို့က Box Formation ပုံစံဖြင့်လည်းကောင်း၊ MiG-29 ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ငါးစင်းက Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ Su-30 SME ဘက်စုံသုံး အကြီးစားဂျက်တိုက် လေယာဉ် သုံးစင်းက Arrow Head Formation ပုံစံဖြင့်လည်းကောင်း အသီးသီးသရုပ်ပြပျံသန်း ကြသည်။
ယင်းနောက် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားတိုက်လေယာဉ်ဖြစ်သည့် Su-30 SME တိုက်လေယာဉ်နှစ်စင်းဖြင့် ပျံသန်းအလေးပြုပြီး ၎င်းတိုက်လေယာဉ်၏ အဆင့်မြင့်လှုပ်ရှားစစ်ကစားမှု (High Performance Maneuver) များအား စွမ်းရည်ပြပျံသန်းခြင်းများ ဆောင်ရွက်သည်။
ထိုသို့ စွမ်းရည်ပြသရာတွင် Su-30 SME တိုက်လေယာဉ် နှစ်စင်းက Combat Turn Maneuver ဟုခေါ်သည့် မြေပြင်တွင်ရှိသည့် ပစ်မှတ်အား ပစ်ခတ်၍ တန်ပြန်ပစ်ခတ်ခြင်း မခံရစေရေးအတွက် ဦးတည်ရာအရပ်၏ ဆန့်ကျင်ဘက်သို့ ရုတ်ခြည်းပြန်လည်လှည့်ထွက်ပျံသန်းခြင်းဖြင့် ဦးစွာသရုပ်ပြပျံသန်းသည်။
ဆက်လက်၍ Su-30 SME တိုက်လေယာဉ် တစ်စင်းက ရှေ့မှ ပျံသန်းနေသည်ကို Su-30 SME တိုက်လေယာဉ်တစ်စင်းက နောက်မှလိုက်၍ Barrel Roll Maneuver ဟုခေါ်သည့် လေယာဉ်၏ မူလဦးတည်ရာ အရပ်မျက်နှာပြောင်းလဲခြင်းမရှိဘဲ ဒုံးများ၊ ကျည်ဆန်များ ပစ်ခတ်ခံရမှုမှ လျင်မြန်စွာ ရှောင်ရှားသည့် စစ်ကစားမှုပုံစံဖြင့် ပျံသန်းသရုပ်ပြခြင်းဖြင့် သရုပ်ပြပျံသန်းသည်။
ထို့နောက် Su-30 SME တိုက် လေယာဉ်တစ်စင်းသည် သာမန်ဂျက်တိုက်လေယာဉ်များ မပြုလုပ်နိုင်သည့် ပျံသန်းမှုအမျိုးအစားဖြစ်သော High AOA Loop Maneuver ပုံစံဖြင့်လည်းကောင်း၊ Trail Slide Maneuver ဟုခေါ်သော လေယာဉ်အား အပေါ်သို့ ဒေါင်လိုက်ပျံတက်ပြီး အမြန်နှုန်း Zero သို့ လျှော့ချကာ အောက်သို့ ဒေါင်လိုက်ပြန်လည် လျှောကျသည့် ပျံသန်းမှုပုံစံဖြင့်လည်းကောင်း၊ Vertical Roll Maneuver ဟုခေါ်သည့် ရန်သူ၏ ရေဒါခြေရာခံမှုမှ လျင်မြန်စွာ ရှောင်ရှားနိုင်ရန်နှင့် ရုတ်ခြည်းအမြင့်ပေရရှိလိုသည့်အခြေအနေမျိုးတို့တွင် အသုံးပြုသည့် စစ်ကစားမှုပုံစံဖြင့်လည်းကောင်း သရုပ်ပြပျံသန်းသည်။
ယင်းနောက် MiG-29 ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ငါးစင်းက ရှုရပ်၏ ရှေ့တည့်တည့်မှ ပျံသန်းဝင်ရောက်ပြီး Fan Brake ပုံစံဖြင့် ပျံသန်းသရုပ်ပြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် လေယာဉ်၊ ရဟတ်ယာဉ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် တပ်တော်ဝင် လေယာဉ်၊ ရဟတ်ယာဉ်များအား လှည့်လည်ကြည့်ရှုကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တပ်မတော် (လေ) ၁၅ နှစ်တာကာလ တိုးတက်ပြောင်းလဲမှုပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို ပြကွက်တစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင် ပါဝင်သော လေသူရဲများအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
