Skip to main content

ရွေးကောက်ပွဲသို့ ရက်ပေါင်း ၅၀

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် ယနေ့ဆိုလျှင် ရက်ပေါင်း ၅၀ သာ လိုတော့သည့်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လာမည့်ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် မြို့နယ်ပေါင်း ၁၀၀ တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲစနစ်သည် ယခင်စနစ်များနှင့် မတူညီသည့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားခြင်းဖြစ်သည်ကို အများပြည်သူတို့ သိရှိထားကြပြီးဖြစ်သည်။ ရွေးကောက်ပွဲစနစ်သစ်အရ ပြည်သူ့လွှတ်တော်တစ်ခုတည်းမှာသာ ယခင်စနစ်ဖြစ်သော FPTP စနစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တို့တွင်မူ ရောနှောထားသည့် ကိုယ်စားလှယ်အချိုးကျစနစ် (Mix Member Proportional System - MMP) ကို အသုံးပြုသွားမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ရွေးကောက်ပွဲစနစ်များကို ကျင့်သုံးကြရာ၌ ပြီးပြည့်စုံသည့်စနစ်ဟူ၍မရှိဘဲ မိမိတို့နိုင်ငံ၏အနေအထားနှင့် ကိုက်ညီသည့်စနစ်ကို ပြုပြင်ပြောင်းလဲ ပေါင်းစပ်ကျင့်သုံးကြရခြင်းဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်တွင် MMP စနစ်ကို ပေါင်းစပ်ကျင့်သုံးလာခြင်းဖြစ်သည်။

“MMP စနစ်ကို အသုံးပြုခြင်းအားဖြင့် ပါတီငယ်များနဲ့ တိုင်းရင်းသားပါတီတွေဟာ အချိုးကျကိုယ်စားပြုစနစ်အရ ကိုယ်စားလှယ်လောင်းတွေ ရရှိလာမှာဖြစ်ပါတယ်။ FPTP စနစ် တစ်မျိုးတည်းကို အသုံးပြုမယ်ဆိုရင် နိုင်သူအကုန်ယူဆိုတဲ့အတိုင်း ကိုယ်စားလှယ်နေရာအများစုကို မဲအများဆုံးရရှိတဲ့ ပါတီကြီးတွေက ရယူသွားမှာဖြစ်ပြီး လွှတ်တော်ထဲမှာ ပါတီကြီးတွေကသာ ကြီးစိုးသွားမှာဖြစ်ပါတယ်။ PR စနစ်နဲ့ ထိန်းညှိခြင်းဖြင့် တိုင်းရင်းသားပါတီများနဲ့ ပါတီငယ်များအနေနဲ့ ၎င်းတို့ရရှိတဲ့ မဲများ အလဟဿမဖြစ်ဘဲ အချိုးကျကိုယ်စားပြုစနစ်အရ ကိုယ်စားလှယ်နေရာများရရှိပြီး လွှတ်တော်နေရာများကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။” ဟု NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

သို့ဖြစ်ရာ လာမည့်ရွေးကောက်ပွဲစနစ်အရ ဖြစ်ပေါ်လာမည့် လွှတ်တော်အခင်းအကျင်းအသစ်တွင် တိုင်းရင်းသားပါတီများနှင့် ပါတီငယ်များမှ ကိုယ်စားလှယ်များကို ပိုမိုများပြားစွာ မြင်တွေ့လာရမည်ဖြစ်သည်။ နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်ထဲသို့ တိုင်းရင်းသားကိုယ်စားလှယ်များ ပိုမို၍ရောက်ရှိလာခြင်းက တိုင်းရင်းသားပြည်သူအသီးသီးတို့၏ ဆန္ဒနှင့် လိုလားချက်များကို နိုင်ငံရေးနည်းလမ်း၊ ဒီမိုကရေစီနည်းလမ်းဖြင့် အဖြေရှာ ဆောင်ရွက်နိုင်မည့်အခွင့်အလမ်း ပိုမိုများပြားကျယ်ဝန်းလာခြင်းပင်ဖြစ်သည်။ လွှတ်တော်အတွင်း လူမျိုးစုအလိုက် လိုလားချက်များ၊ ရည်မှန်းချက်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်း၊ စုပေါင်းဆုံးဖြတ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ ပြုလုပ်သွားနိုင်ကြမည်ဖြစ်သည်။

နိုင်ငံရေးနည်းလမ်း ပိုမိုအားကောင်းလာခြင်း၊ နိုင်ငံရေးယဉ်ကျေးမှု မြင့်မားလာခြင်းတို့က ရေရှည်တွင် လက်နက်ကိုင်နည်းလမ်းကို လျော့ပါးသွားစေမည်ဖြစ်ရာ ပြည်သူ့အကျိုးစီးပွား ကို အဓိကထားသည့် ကိုယ်စားလှယ်များ၊ ဒေသအကျိုးကို သယ်ပိုးနိုင်မည့် ကိုယ်စားလှယ်များကို ပြည်သူများကိုယ်တိုင်က မှန်ကန်စွာရွေးချယ်သွားကြရမည်ဖြစ်ပြီး အမြင်ကျဉ်းမြောင်းသူများ၊ မတည်မငြိမ်ဖြစ်အောင် ဖန်တီးမည့်သူများ၊ ကိုယ်ကျိုးအတ္တ ရှေ့တန်းတင်မည့်သူများကိုလည်း ပြတ်ပြတ်သားသား ဖယ်ရှားသွားကြရမည်ဖြစ်သည်။

အသည်းကြားမှ မဲတစ်ပြားဟူသော ခံစားချက်ဖြင့် မဲမပေးဘဲ ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားတို့ဖြင့် ဆုံးဖြတ်မဲပေးခြင်းဖြင့် ဒီမိုကရေစီစနစ်ကို အခိုင်အမာဆက်လက်ရှင်သန်ထွန်းကားစေရပါမည့်အကြောင်း။ ။