Skip to main content

မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၆

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ဝေသည့် မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က လမ်းညွှန်စာအုပ်နှင့်စပ်လျဉ်း၍ မုဒိတာစကားပြောကြားပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက စာအုပ် ဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းထံ လမ်းညွှန်စာအုပ်များ ပေးအပ်သည်။

ဆက်လက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက အဆိုပါစာအုပ် အုပ်ရေ ၂၀၀၀ ကို တာဝန်ယူလှူဒါန်းပေးသော မြန်မာနိုင်ငံ ပုံနှိပ်သူနှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ(၂) ဦးခင်မောင်ကျော်ဒင်က လမ်းညွှန်စာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယနေ့စာအုပ် မိတ်ဆက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။

အဆိုပါစာအုပ်တွင် အခန်းသုံးခန်းပါဝင်ပြီး မြန်မာသတင်းမီဒီယာများအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်၊ မြန်မာသတင်းမီဒီယာများအတွက် အထွေထွေရွေး‌ကောက် ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် သတင်းရယူခွင့်လျှောက်ထားနိုင်ခြင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီများ၏ ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပါတ်များ ပါဝင်သည်။

အဆိုပါ လမ်းညွှန်စာအုပ်ကိုနိုင်ငံတစ်ဝန်းရှိ သတင်းမီဒီယာသမားများထံ ရောက်ရှိရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တစ်ဆင့်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်