နေပြည်တော် နိုဝင်ဘာ ၆
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS)နှင့် အိန္ဒိယဖောင်ဒေးရှင်း (India Foundation)တို့ ပူးပေါင်း၍ တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယဆွေးနွေးပွဲကို “ရေရှည်တည်တံ့သည့် သာယာဝပြောမှုအတွက် အစဉ်ခိုင်မြဲနေမည့် မြန်မာ-အိန္ဒိယ မိတ်ဖက်ဆက်ဆံရေး” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် အိန္ဒိယဖောင်ဒေးရှင်းတို့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သံတမန်များ၊ ပညာရှင်များနှင့် မူဝါဒရေးရာ ကျွမ်းကျင်သူများ တက်ရောက်ကြပြီး နှစ်နိုင်ငံအကျိုး စီးပွားဆိုင်ရာ အဓိကနယ်ပယ်များကို ဆွေးနွေးကြကာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာလရှည်ကြာတည်တံ့ခိုင်မြဲနေသည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြသည်။
ဆွေးနွေးပွဲဖွင့်ပွဲတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြပြီး အိန္ဒိယဖောင်ဒေးရှင်း၏ အုပ်ချုပ်မှုကောင်စီအဖွဲ့ဝင် သံအမတ်ကြီး Mrs. Preeti Saran နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က မိန့်ခွန်းပြောကြားကြသည်။
ထို့နောက် MISIS နှင့် အိန္ဒိယဖောင်ဒေးရှင်းတို့အကြား အသိပညာများ စဉ်ဆက်မပြတ်ဖလှယ် နိုင်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးတို့အတွက် မြန်မာ-အိန္ဒိယ ဆွေးနွေးပွဲကို နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုစာလွှာ (Letter of Cooperation)ကို လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် ဆွေးနွေးပွဲကို ကျင်းပရာ မြန်မာ-အိန္ဒိယ ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်များကို ထင်ဟပ်စေမည့် ခေါင်းစဉ်ခွဲလေးခုဖြင့် ဆွေးနွေးကြပြီး ပါဝင်ဆွေးနွေးသူများက India’s Act East Policy အောက်တွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဒေသတွင်း ပေါင်းစည်းမှုများကို ချဲ့ထွင်ဆောင်ရွက်မှုမှတစ်ဆင့် စီးပွားရေးနှင့် အခြေခံအဆောက် အအုံချိတ်ဆက်မှုမြှင့်တင်ရေး နည်းလမ်းများကို ဆွေးနွေးကြသည်။
ထို့ပြင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ ရေကြောင်းလုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ခြင်းအပါအဝင် လုံခြုံရေးနှင့် မဟာ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက် မှု အားကောင်းစေရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ထို့အတူ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ရာသီဥတု ပြောင်းလဲမှုဒဏ် ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေးနှင့် မြန်မာနိုင်ငံအထူးသဖြင့် ရခိုင်ပြည်နယ်၌ အိန္ဒိယနိုင်ငံမှ ပေးအပ်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို အလေးထားဆွေးနွေးကြသည်။
ဆွေးနွေးပွဲ၏ နောက်ဆုံးပိုင်းအဖြစ် ယဉ်ကျေးမှုဖလှယ်ခြင်း၊ ဘုရားဖူးခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ပြည်သူအချင်းချင်း ဆက်ဆံရေးနက်ရှိုင်းစေရန်အတွက် soft power နှင့် ပြည်သူ့ဗဟိုပြု ဆက်ဆံမှုဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် အိန္ဒိယဖောင်ဒေးရှင်း၏ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Capt. Alok Bansal တို့က လာမည့်နှစ်များတွင်လည်း ဆွေးနွေးပွဲများနှင့် ပူးတွဲအစီအစဉ်များ ဆက်လက်ပြုလုပ်၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကား ပြောကြားကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
ယမန်နေ့ညနေပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က India House ၌ ကြိုဆိုညစာစားပွဲဖြင့် ဧည့်ခံခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် MISIS နှင့် အိန္ဒိယဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
