Skip to main content

ကယားပြည်နယ် လွိုင်ကော်မြို့၌ တန်ဆောင်မုန်းလပြည့်နေ့တန်ဆောင်တိုင်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ

လွိုင်ကော်        နိုဝင်ဘာ        ၅

ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်ပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညက  လွိုင်ကော်မြို့  ပြည်နယ်ခန်းမနှင့်ကန္ဒာ ဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပသည်။ ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများ တစ်ခဲနက်တက်ရောက်ဆင်နွှဲကြသည်။

တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်ပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ စတုဒိသာမဏ္ဍပ်၊ ဝန်ကြီးဌာနအလိုက်စတုဒိသာမဏ္ဍပ်များ၊ စေတနာရှင်၊ အလှူရှင်ပြည်သူများ၏ စတုဒိသာမဏ္ဍပ်များ၌  မြန်မာ့ရိုးရာအစားအစာများနှင့် မြန်မာမုန့်မျိုးစုံတို့ကို ကုသိုလ်ပြုဧည့်ခံကျွေးမွေးခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပွဲတော်လာဧည့်ပရိသတ်များအား ဧည့်ခံကျွေးမွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ပွဲတော်သို့လာရောက်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားများ ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့် ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်ကွင်းအတွင်း၌ ပွဲတော်လာဧည့်ပရိသတ်များက စိန်နားပန်မီးပုံးပျံများနှင့် မီးပုံးပျံငယ်များလွှတ်တင်ပူဇော်မှုကို ကြည့်ရှုအားပေးပြီး မီးရှူးမီးပန်းများပစ်ဖောက်၍  ပွဲတော်ကိုပျော်ရွှင်စွာဆင်နွှဲကြကာ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်တွင် နိုင်ငံကျော်တေးသံရှင်များ၏ တန်ဆောင်တိုင်ပွဲတော် တေးဂီတဖျော်ဖြေပွဲကို ကြည့်ရှုအားပေးသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် လွိုင်ကော်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် စေတနာရှင်အလှူရှင်များက  ဆွမ်းဆန်တော်များ လောင်းလှူကုသိုလ်ပြုကြပြီး ဘုရားစေတီပုထိုးများတွင် ဥပုသ်သီလဆောက်တည် တရားဘာဝနာပွားများသူများ၊ ဘုရားဖူးဧည့်သည်များ၊ နောင်ယား ကန်သာနှင့်ထေးငှားလျားကန်သာတို့တွင် အပန်းဖြေအနားယူသူများဖြင့်စည်ကားများပြားခဲ့ကာ ညပိုင်း၌ဘုရားစေတီပုထိုးများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် ဆီမီးများနှင့် လျှပ်စစ်မီးအလှများထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)