နေပြည်တော် နိုဝင်ဘာ ၅
မဲခေါင်-လန်ချန်းစီမံကိန်း၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် နေပြည်တော်ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် ကာကွယ်ဆေးထိုးနှံခြင်းနှင့်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံးအမှတ်(၃၆) စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့် စီမံကိန်းဒေသမှတိရစ္ဆာန် ကျန်းမာရေးလုပ်သားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ပသို့တရားဝင်ကျွဲ၊နွားတင်ပို့နိုင်ရန်အတွက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ကြည့်ရေးစခန်း(AQS)၊ ခွာနာလျှာနာရောဂါကင်းရှင်းဇုန် (Disease Free Zone)၊ ခွာနာလျှာနာရောဂါကာကွယ်ဇုန်(Disease Protection Zone)၊ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန် (Disease Control Zone)များကို သတ်မှတ်ချက်အတိုင်း တည်ထောင်နိုင်ရေးအတွက် ဝန်ကြီးဌာနက မူဝါဒချမှတ်ပြီး အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း။
နေပြည်တော် (၈) မြို့နယ်၌ ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်အဖြစ် ၂၀၂၁ ခုနှစ် ဇွန် ၁၁ ရက်မှစ၍ ဌာနဘဏ္ဍာရန်ပုံငွေဖြင့် အခမဲ့ခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကြေညာနိုင်ခဲ့ကြောင်း၊ ခွာနာလျှာနာရောဂါကင်းရှင်းဇုန် ကြေညာနိုင်ပါက နေပြည်တော်ကောင်စီနယ်မြေမှထွက်ရှိသည့် မွေးမြူရေးထွက်ကုန်အေးခဲသားများကို ပြည်ပသို့တိုက်ရိုက်တင်ပို့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တင်ပို့ခြင်းလုပ်ငန်းအတွက်သက်ဆိုင်ရာနိုင်ငံအစိုးရ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီအသေးစိတ်ဆွေးနွေးမှုဆောင်ရွက်ပြီး တစ်ဖက်တွင်လည်း ရောဂါကင်းရှင်းကြောင်းအတည်ပြုချက်များရရှိပြီးပါက ကုန်သွယ်ဖက်နိုင်ငံများသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရန်စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မွေးမြူရေးလုပ်ငန်းကို စိတ်ဝင်စားပြီး အေးခဲသားများထုတ်လုပ်ရန် ဆန္ဒရှိသူများအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြပါကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်များရရှိပြီး ဆောလျင်စွာလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက ပြည်ပတင်ပို့ခွင့်ရသည်နှင့်တစ်ပြိုင်တည်း အေးခဲသားများတင်ပို့နိုင်ကြမည်ဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေးပြီးလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားကိုတစ်ဖက်တစ်လမ်းမှပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏အသားတင် ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်၍ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့်ကုန်သွယ်မှုလုပ်ငန်းများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်ဆောင်ရွက်လျက်ရှိသည့် ခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အခမဲ့ဆောင်ရွက်ထားရှိမှုတို့ကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မဲခေါင်-လန်ချန်းစီမံကိန်း၏ အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း ဆောင်ရွက်သည့် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ တင်ပြချက်များနှင့်ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
