Skip to main content

၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်

နေပြည်တော် နိုဝင်ဘာ ၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

စည်ကားများပြားစွာ လာရောက်ကြည့်ရှု

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး H.E. Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူ ပြည်သူများကလည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်သို့ ရောက်ရှိကြရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မီးရှူးမီးပန်းများ ပစ်ဖောက်ပူဇော်ကြပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ယင်းနောက် ဆီမီးများ အတူတကွ ထွန်းညှိပူဇော်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က သဒ္ဓါဓိပတိခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်ကြကာ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် အခမ်းအနားကျင်းပမည့် ရေပန်းရင်ပြင်တော်သို့ ရောက်ရှိကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E. Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စိန်နားပန် မီးပုံးပျံလွှတ်တင်မှုနှင့် ညမီးကြီး မီးပုံးပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

မီးပုံးပျံများလွှတ်တင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်နှင့် လွှတ်တင်နေချိန်တွင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများ၊ ယိမ်းအကအလှများ၊ တေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် ကျောက်စာရုံစေတီတော်များအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ၊ ခေတ်မီနည်းပညာများ ပေါင်းစပ်၍ ဗိသုကာလက်ရာမြောက် စွာ တည်ထားကိုးကွယ်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။

လှပစွာ လွှတ်တင်

၎င်းနောက် ရုရှား- မြန်မာချစ်ကြည်ရေးအထိမ်းအမှတ်မီးပုံးပျံကို လွှတ်တင်ကြပြီး အဆိုပါမီးပုံးပျံတွင် NOVOSIBIRSK စာသားကို လှပစွာချိတ်ဆွဲထားရှိပြီး ဝေဟင်ထက်သို့ လှပစွာဖြင့် လွှတ်တင်ခဲ့ကြသည်။

ဆုများ ပေးအပ်ချီးမြှင့်

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကော်မရှင်အဖွဲ့ဝင်များက ညမီးကြီး (ညမီးကျည်)၊ စိန်နားပန် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတို့တွင် စည်းကမ်းလိုက်နာမှုအကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်စည်းကမ်းအကောင်းဆုံးဆု၊ စက္ခုပသာဒအကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်သင်္ကန်းအား ကြည်ညိုဖွယ်ရာဖြစ်အောင် ဖန်တီးမှုအကောင်းဆုံးဆု၊ ဆန်းသစ်တီထွင်မှု အကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆု၊ မီးပုံးပျံအတက် အကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်ချိတ်ဆက်ယှဉ်ပြိုင်မှုအကောင်းဆုံးဆု၊ မီးပုံးပျံအတက်စံချိန်အကောင်းဆုံးဆုများနှင့် အဖွဲ့လိုက် ချုပ်ရိုးချုပ်သား အကောင်းဆုံးဆုရရှိသည့်အသင်းများအား ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ်က ညမီးကြီး (ညမီးကျည်)၊ စိန်နားပန် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတို့တွင် မီးပုံးပျံပုံသဏ္ဌာန် အလှပဆုံးဆုများနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ် ပူဇော်ပြိုင်ပွဲတွင် အဖွဲ့လိုက်ရက်လုပ်ထားသော သင်္ကန်းအထည်သားတည်ဆောက်မှု အကောင်းဆုံးဆုရရှိသည့်အသင်းတို့အားလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ်က မှိုင်းခံစံချိန်အကောင်းဆုံးဆုများနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် အဖွဲ့လိုက်ရက်ကန်းစင် ကိုင်တွယ်ရက်လုပ်မှု အကောင်းဆုံးဆုရရှိသည့် အသင်းတို့အားလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က ညမီးကြီး၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော် ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတို့တွင် တတိယဆုရရှိသည့်အသင်းများအား လည်းကောင်း ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက ညမီးကြီး(ညမီးကျည်)မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စားပြုအသင်း၊ စိန်နားပန်မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဥပဒေရေးရာဝန်ကြီးဌာနကိုယ်စားပြုအသင်းနှင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်ကိုယ်စားပြု မနောမြေရက်ကန်းစင်အသင်းတို့အား ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ညမီးကြီး (ညမီးကျည်) မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီကိုယ်စားပြုအသင်း၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု အမရရွှေပြည်ရက်ကန်းစင်အသင်းတို့အား ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ဆုချီးမြှင့်ပွဲအပြီးတွင် မီးရှူးမီးပန်းများ ပစ်ဖောက်၍ လတ်တီးတေးသီချင်းဖြင့် သီဆိုကပြနှုတ်ဆက်ဖျော်ဖြေခဲ့ကြရာ ပြိုင်ပွဲဝင်အသင်းများမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသမှ ဧည့်သည်တော်များက အတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

ခင်မင်ရင်းနှီးစွာ နှုတ်ဆက်

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီးတို့သည် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသူများအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။

စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ၏ ဒေသ ထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့် ဆိုင်များ ခင်းကျင်းပြသရောင်းချခြင်းတို့နှင့်အတူ နိုင်ငံတော်အနုပညာရှင်များကလည်း တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် တင်ဆက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်