နေပြည်တော် နိုဝင်ဘာ ၃
၂၀၂၅ ခုနှစ် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ မစိုးရိမ်ကျောင်းတိုက် ရွှေရည်လင်းဓမ္မာရုံ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညိုစောနှင့်ဇနီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တရေဝတအမှူးပြုသည့် ပင့်သံဃာတော်ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်၍ ဧည့်ပရိသတ်အပေါင်းတို့သည် မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရေဝတထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပျဉ်းမနားမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော်ထံ ကထိန်လျာ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ကထိန်အလှူခံကျောင်းဖြစ်သော အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်ထံ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို လည်းကောင်းဆက်ကပ်လှူဒါန်းသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် မစိုးရိမ်ကျောင်းတိုက် ဆရာတော်ထံမှ ကထိန်အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းလောင်း အမျှပေးဝေကြကာအခမ်းအနားကို “ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
