တန်ဆောင်မုန်းလပြည့်နေ့ရောက်လျှင် ဆီမီးထွန်းပွဲ၊ ကထိန်ပွဲ၊ မသိုးသင်္ကန်းပွဲတို့ကိုသာ များသောအားဖြင့် သိရှိထားကြသည်။ တန်ဆောင်မုန်းလပြည့်နေ့၏ အထွတ်အမြတ် အနှစ်သာရတွင် အဇာတသတ်မင်းကြီး၏ ဘဝဖြစ်စဉ်နှင့် ဆက်စပ် နေသည်။ ရဟန်းပြုရခြင်း၏ အကျိုးကျေးဇူးကို သိလိုသဖြင့် မေးမြန်းလျှောက်ထား လာသော အဇာတသတ်မင်းကြီးကို မြတ်စွာဘုရားရှင်က တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်၌ ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်တွင် သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့သည်။
အဇာတသတ်မင်းကြီး သာမညဖလသုတ်တရားတော်ကို နာယူခွင့်ရသောအခါ ရတနာသုံးပါးကို အထူးကြည်ညိုသည့် သာသနာပြုမင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်လာခဲ့သည်။ အဇာတသတ်မင်းကြီးသည် ထေရဝါဒဗုဒ္ဓဘာသာ သန့်ရှင်း တည်တံ့ပြန့်ပွားစေရန် အရေးပါသည့် ပထမသင်္ဂါယနာတင်ပွဲ ဖြစ်မြောက်အောင်ကူညီခဲ့သည်။ မြတ်ဗုဒ္ဓ၏ ဇာတ်တော်များ မပျောက်ပျက်အောင် စုစည်းသိမ်းဆည်းပေးခဲ့သည်။ ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်၏ သမိုင်းမှတ်တမ်း တိကျခိုင်မာ စေရန်အတွက်အရေးပါသော သာသနာတော်နှစ်ကို သတ်မှတ်ပေးခဲ့သည်။ မဟာ သက္ကရာဇ် ၁၄၈ ခုနှစ်ကို ပယ်ဖျက်၍ သာသနာတော်နှစ်ကို စတင်ခဲ့သည်။ အဇာတသတ်မင်းကြီး အမြော်အမြင်ကြီးမှုကြောင့် ယနေ့ကာလတွင် သာသနာ တော်နှစ်ကို တိတိကျကျ ရေးနိုင်ပြောနိုင်ခြင်းဖြစ်သည်။
အဇာတသတ်မင်းသည် လွန်မင်းသော ပိတုဃာတကကံကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရထိုက်သောသူဖြစ်သော်လည်း မရရှိဘဲ ဥပါသကာမြောက်ရုံသာ သရဏဂုံ ပဉ္စသီလ၌တည်သည်။ အဇာတသတ်မင်းသည် မဂ်ဖိုလ်ရထိုက်သူဖြစ်ပါ လျက် အဆွေခင်ပွန်းယုတ်ဖြစ်သော ဒေဝဒတ်နှင့် ပေါင်းဖော်မိ၍ မပြစ်မှားအပ်သည့် ဖခမည်းတော်ကို ပြစ်မှားမိသောကြောင့် ကာလရှည်ကြာ အဝီစိငရဲ၌ ခံရမည် ဖြစ်သော်လည်း ဘုရားရှင်အား လွန်စွာကြည်ညို သဒ္ဓါပိုကိုးကွယ်ဆည်းကပ်ပြီး ခမည်းတော်အား ပြစ်မှားမိသောအပြစ်ကို ဝန်ချကန်တော့သောကြောင့် လောဟ ကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းငရဲကျ၍ လွတ်မြောက်ပြီးလျှင် ဝိဇိတဝိသေသမည်သော ပစ္စေကဗုဒ္ဓါဖြစ်လတ္တံ့ဟု ဗုဒ္ဓဝင်၌ ဖော်ပြထားသည်။ အဇာတသတ်မင်းကြီး နန်းတက်ပြီး ရှစ်နှစ်မြောက်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည်။ အပေါင်းအသင်းမှားသည့်အခါ မိဘကိုပင်ပြစ်မှားမိပြီး ကံကြီးထိုက်သည့် သင်ခန်းစာကို အဇာတသတ်မင်းကြီးဖြစ်စဉ်မှရယူပြီး မိဘဆရာသမားများအား မပြစ်မှားမိစေရန် အထူးလိုအပ်သည်။
ယခု တန်ဆောင်မုန်းလပြည့်နေ့တွင်ကား အဇာတသတ်မင်းကြီးကို အကြောင်းပြု၍ သာမညဖလအခါတော်နေ့ ဖြစ်ပေါ်လာခြင်းကိုလည်းကောင်း၊ သံဃာတော်များကို ပူဇော်သည့်နေ့မြတ်အဖြစ်လည်းကောင်းရည်ရွယ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် ကျင်းပခြင်းနှင့်အတူ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများအား ဂါရဝထားရိုသေပူဇော်ကြရမည် ဖြစ်သည်။ သာမညဖလအခါတော်နေ့နှင့်အတူ ကထိန်သင်္ကန်း အလှူတော်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်တို့နှင့် မီးပုံးပျံ လွှတ်တင်ပွဲ၊ မိသားစုမိတ်ဆွေအပေါင်းအသင်းများအချင်းချင်း မဲဇလီဖူးသုပ် ဝေငှ လှူဒါန်းပွဲ၊ ပံ့သကူစွန့်လှူဒါန်းပွဲ၊ ကျီးမနိုးပွဲစသည်ဖြင့် တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အမျိုးမျိုးအဖုံဖုံ စုံလင်အောင်ပြုလုပ်ကြခြင်းကို အပြစ်မဆိုလိုသော်လည်း ကောင်းမှု အထူးများလည်း ပြုလုပ်သင့်ကြပေသည်။
ယနေ့ကာလတွင် နေ့ထူးရက်မြတ် ဘုရားပူဇော်ပွဲကိုအကြောင်းပြု၍ အပျော်အရွှင်ပွဲလမ်းသဘင်များ စည်ကားလာသည်ကိုတွေ့ရသည်။ အများကြိုက်အောင်၊ စည်ကားအောင်၊ အလှူငွေရအောင်ရည်ရွယ်၍ တွဲဖက်ကျင်းပခြင်းကို ဆင်ခြင် ထိန်းသိမ်းသင့်သည်။ ဉာဏ်ဖြင့်ဆင်ခြင်ကြည့်သော် အမြင်မတော်စရာများ၊ ပြုပြင် သင့်သည်များကို တွေ့မြင်ကြပါလိမ့်မည်။ ထေရဝါဒဗုဒ္ဓဘာသာ ဘုရားပူဇော်ပွဲတော် ၏ မူလရည်ရွယ်ချက်များပျောက်၍ ရိုးရာယဉ်ကျေးမှု၏ အပြင်ဘက်သို့ရောက်နေ သည်ကို သူတော်ကောင်းတို့အနေဖြင့် ဆင်ခြင်မိမည်ဖြစ်သည်။ သံဝေဂယူနိုင်ကြမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သာမညဖလအခါတော်နေ့တွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ သာမညဖလသုတ်တော်ကို ရွတ်ဖတ်ပူဇော်ခြင်းနှင့်ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲများကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာအခြေခံ ရိုးရာပွဲတော်များကို ဘာသာရေးအနှစ်သာရရှိရှိနှင့် အစဉ်အလာမပျက် ကျင်းပနိုင်ရန် အသိဉာဏ်မြှင့်တင်ပေးရမည်မှာ ရဟန်းရှင်လူ ပညာရှိသူတော်ကောင်းအပေါင်းတို့၏ တာဝန်ဖြစ်သလို ပြည်သူအပေါင်းတို့ကလည်း ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်၏ ထူးကဲမှုအပေါင်းတို့ကို မမေ့မလျော့ရှိကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။
