ညောင်ဦး နိုဝင်ဘာ ၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့နံနက်ပိုင်းတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီး၊ ထီးလိုမင်းလိုဘုရားနှင့် သိကြားပုန်းဘုရားများအား ဖူးမြော်ကြည်ညို၍ သိကြားပုန်းဘုရားရှိ တိုက်မနှင့် အာရုံခံများတွင် ဗုဒ္ဓဝင်ခန်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ ထည့်သွင်းပူဇော်ထားမှု၊ သိကြားပုန်းဘုရားအနီး ပျိုးခြံတည်ဆောက်ခြင်း၊ ရင်ပြင်တိုးချဲ့ခြင်းနှင့် ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်းနေရာဒေသ မြင်ကွင်းမထိခိုက်စေဘဲ ဒေသမျိုးရင်းပင်များဖြစ်သည့် မန်ကျည်းပင်၊ ထန်းပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဖောင်တော်ဦးဘုရားတွင် သွပ်မိုး Redoxide သုတ်ခြင်းနှင့် ရေနံချေးသုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဗူးဘုရားနှင့် ကန်တော့ပလ္လင်ဘုရား အနီး ဝန်းကျင်တွင် ဒေသမျိုးရင်း မန်ကျည်းပင်စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် အိန္ဒိယနိုင်ငံ Archaeological Survey of India (ASI)အဖွဲ့နှင့်ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မဟာဗောဓိဘုရားနှင့် မီးငြိမ်းကုန်းဘုရားများသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
ယင်းနောက် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြတိုက်/ပြခန်း ခင်းကျင်းပြသဆောင်ရွက်ထားရှိမှု၊ ပြတိုက်ရေရှည်ကြံ့ခိုင်မှု ရှိစေရန် ထိန်းသိမ်းရေးဆောင် ရွက်ရမည့်အခြေအနေ၊ ရွာဟောင်းကြီး Complex တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော တူးဖော်ထိန်းသိမ်းရေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
