Skip to main content

ကုသိုလ်အကျိုးတရား တိုးပွားစေရာ သာမညဖလဒေသနာ

မာသေသု သရဒံ ရမဏိယံ - လတကာတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်း၏ဟူ၍ ရှေးစာဆိုတို့က ဆိုခဲ့ကြသည်။ တန်ဆောင်မုန်းလသည် မိုးလေကင်းစင်၍ ကောင်းကင်၌ ကြည်လင်သည်။ နက္ခတ်ကြယ်တာရာတို့ စုံလင်စွာ ထွန်းပကြသည်။ မိုးလတို့ ကုန်ဆုံးပြီးနောက် အေးမြသည့်လဖြစ်သဖြင့် လောကဓာတ်တစ်ခွင်လုံး စိမ်းစိုအေးချမ်းလျက်ရှိရာ ကြည်နူးဖွယ်ရာပင်ဖြစ်သည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ စိတ်နှလုံးမွေ့လျော်ဖွယ်ရာ တစ်ခုသောတန်ဆောင်မုန်းလပြည့်ညအခါသမယတွင် ဗုဒ္ဓဘာသာသမိုင်း၏ ထင်ရှားသည့် ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။ ပဉ္စာနန္တရိယကံကြီးကို ကျူးလွန်ထားမိခဲ့ပြီးနောက် ထီးနန်းစည်းစိမ်ကို သိမ်းပိုက်ရရှိထားစေကာမူ ပျော်ရွှင်ချမ်းမြေ့မှု ဆိတ်သုဉ်းလျက် အချိန်နှင့်အမျှ စိတ်နှလုံးလောင်ကျွမ်းခံနေရသူ မာဂဓတိုင်း၏ ပြည့်ရှင်အဇာတသတ်မင်းသည် ၎င်း၏အဖြစ် ဝေဒနာကို ကုစားရန်အလို့ငှာ မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်ဖူးမြော်လိုခဲ့သည်။ တန်ဆောင်မုန်းလပြည့်၏ ညဉ့်အခါ နန်းရင်ပြင်၌ မှူးမတ်ရံရွေတို့ ခြံရံခစား၍ စံမြန်းနေစဉ် အဇာတသတ်မင်းသည် ရင်၌ ဖြစ်ပေါ်လာသည့် ခံစားချက်နှင့် စိတ်အကြံအစည်တို့ကို ဥဒါန်းကျူးရင့်လေသည်။

“အချင်းတို့၊ လသာခြင်းဖြင့် အပြစ်ကင်းသောညဉ့်သည် မွေ့လျော်ဖွယ်ကောင်းပေစွ၊ လွန်စွာလှပပါပေစွ၊ ရှုစဖွယ်ကောင်းပါပေစွ၊ ကြည်နူးဖွယ်ကောင်းပါပေစွ၊ အမှတ်ရဖွယ်ကောင်းပါပေစွ။ ယခုလိုညမျိုးတွင် အဘယ်သမဏ - ဗြဟ္မဏကို ငါတို့ဆည်းကပ် ရပါကုန်အံ့နည်း။ အဘယ်ဗြဟ္မဏကို ဆည်းကပ်လျှင် ငါ၏စိတ်သည် ကြည်လင်ပါအံ့နည်း” ဟူ၍ အဇာတသတ်မင်းက ကျူးရင့်ခြင်း ဖြစ်သည်။

ဒေဝဒတ်နှင့် ပေါင်းမိမှားခဲ့သော အဇာတသတ်မင်းသည် ထီးနန်းစည်းစိမ်လောဘဇောကြောင့် ခမည်းတော်ဗိမ္မိသာရမင်းကြီးကို သတ်ခဲ့သည့် အကုသိုလ်ကံကြီးကို ကျူးလွန်ထားခြင်းဖြစ်ရာ အကုသိုလ်ကံ၏ ခြောက်လှန့်မှုကို အိပ်ချိန်စားချိန်ပါမကျန် အခါမလပ်ခံစားနေရခြင်းဖြစ်သည်။ အဇာတသတ်မင်းသည် ၎င်း၏ဝေဒနာကို ပျောက်ကင်းချမ်းသာစေခြင်းငှာ တိတ္ထိဆရာကြီး ခြောက်ယောက်တို့ထံ သွားရောက်ခဲ့ရာတွင် ၎င်းဆရာကြီးတို့မှာ အဇာတသတ်မင်းခံစားနေရသော ပဉ္စာနန္တရိယကံကြောင့် ဖြစ်ပေါ်လာသည့်ဝေဒနာကို တစ်ခဏကလေးမျှပင် လျော့ပါးသက်သာအောင် ကုပေးနိုင်စွမ်းမရှိခဲ့ကြ။ နောက်ဆုံးတွင်မှ သမားတော်ကြီး ဇီဝကအကြံပြုလျှောက်တင်သည့်အတိုင်း တန်ဆောင်မုန်းလပြည့်ညမှာပင် ဆင်ယဉ်ငါးရာတို့တွင် မီးရှူးတိုင်တို့ တင်ဆောင်ကာ ကြီးကျယ်ခမ်းနားလှစွာသော ပြည့်ရှင်မင်း၏ အသရေဖြင့် ရာဇဂြိုဟ် မှထွက်၍ ဆရာဇီဝက၏ သရက်ဥယျာဉ်၌ စံပယ်တော်မူလျက်ရှိသော မြတ်စွာဘုရားထံမှောက်သို့ ရောက်ရှိလေသည်။

အဇာတသတ်မင်းသည် မြတ်စွာဘုရားရှင်ကို ဖူးမြော်ပြီးနောက် ရဟန်းပြုခြင်းကြောင့် မျက်မှောက်ဘဝတွင် ခံစားရသောအကျိုးကို ထင်ရှားစွာပြပါရန် အလို့ငှာ“သာမညဖလ”ခေါ် ရဟန်းဖြစ်ရခြင်း၏အကျိုးကို မေးမြန်းလျှောက်ထားသည်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူသည့် သာမညဖလသုတ္တန်ဒေသနာတော်ကို ရိုသေစွာနာကြား ပြီးသည့်နောက်တွင် အဇာတသတ်မင်း၏ ပူလောင်စွာခံစားနေရသော အကုသိုလ်ကံဝေဒနာတို့မှာ သက်သာပျောက်ကင်း၍ အေးချမ်း သာယာမှုဖြစ်ပေါ်လာခဲ့သည်။ မြတ်စွာဘုရားထံ အပြစ်ကို ဝန်ခံခြင်း၊ တောင်းပန်ခြင်း၊ နောင်အခါစောင့်စည်းခြင်းတို့အတွက်လည်း လျှောက်ထားခြင်းပြုခဲ့သည်။

မြတ်စွာဘုရားက “မင်းကြီး-အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစား၊ စောင့်စည်းခြင်းသည် အရိယာ၏ ဝိနည်းအဆုံးအမ ၌ ကြီးပွားခြင်းပင်တည်း။” ဟု မိန့်တော်မူကာ အဇာတသတ်မင်းကို စိတ်နှလုံးသက်သာရာ ရစေခဲ့သည်။ သာမညဖလသုတ္တန်တရားတော်ကို နာယူပြီးနောက်တွင် အဇာတသတ်မင်းသည် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူဖြစ်လာခဲ့ပြီး ပုထုဇဉ်များထဲတွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပထမသင်္ဂါယနာတင်ဒါယကာမင်းဖြစ်လာခဲ့ပြီး ဘုရား၏ဓာတ်တော်များကို စုဆောင်း၍ ဓာတ်တော်တိုက်တည်ခြင်း၊ ဗုဒ္ဓသာသနာတော်နှစ် သတ်မှတ်ခြင်း စသည့်သာသနာ့သမိုင်းဝင် ဆောင်ရွက်ချက်များကိုလည်း ဆောင်ရွက်ခဲ့သည်။

သာမညဖလသုတ္တန်ဒေသနာတော်သည် နာကြားခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းတို့ဖြင့် ရတနာသုံးပါးအပေါ် ကြည်ညိုသဒ္ဓါပွားများကာ ကုသိုလ်အကျိုးတရားတို့ တိုးပွားနိုင်ကြပါမည့်အကြောင်း။ ။