နေပြည်တော် နိုဝင်ဘာ ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်နှင့် ကျောင်းသား/ သူများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သွားရောက်တွေ့ဆုံပြီး မန္တလေးမြို့၏ ယဉ်ကျေးမှု အမွေအနှစ်နေရာများဖြစ်သည့် မြနန်းစံကျော်ရွှေနန်းတော်၊ ကုသိုလ်တော်ဘုရား၊ ရွှေနန်းတော်ဘုန်းကြီးကျောင်းသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညိုကြသည်။
ထိုသို့ ကြည့်ရှုလေ့လာစဉ် အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့အား မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အတူလိုက်ပါ၍ ရှင်းလင်းပြသကြသည်။ ထို့နောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပုဂံညောင်ဦးလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ပုဂံညောင်ဦးလေဆိပ်သို့ ရောက်ရှိရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သော တာဝန်ရှိသူများအဖွဲ့က ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက အဆိုပါအုပ်ချုပ်ရေးမှူးအဖွဲ့အား ကမ္ဘာ့အမွေအနှစ်ပုဂံဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက်ပုဂံမြို့ဟောင်းရှိ ရွှေစည်းခုံစေတီတော်ကြီး၊ အာနန္ဒာဘုရားကြီး၏ အနုလက်ရာများနှင့် ထီးလိုမင်းလိုဘုရားများကို စိတ်ဝင်တစား သွားရောက်လေ့လာကြသည်။
ယင်းနောက် နန်းမြင့်မျှော်စင်၌ ပုဂံဒေသနေဝင်ဆည်းဆာအလှကို ကြည့်ရှုကာ မှတ်တမ်းဓာတ်ပုံများရိုက်ခဲ့ကြပြီး ပုဂံမြို့သစ်ရှိ ဦးဘငြိမ်းယွန်းထည်လုပ်ငန်းနှင့် ယွန်းအရောင်းဆိုင်ရှိ မြန်မာ့ရိုးရာယွန်းလက်မှုပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
