Skip to main content

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် နိုဝင်ဘာ ၁

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နန်းရီရီဝင်း(ခ)နန်းလုံခမ်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

“တည်ငြိမ်အေးချမ်းဖွံ့ဖြိုးဖို့ ‘နဂါး’မဲကိုပေးကြစို့”

ခင်မင်လေးစားရပါသော မဲဆန္ဒရှင်မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ ကျွန်မကတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နန်းရီရီဝင်း(ခေါ် ) နန်းလုံခမ်း ဖြစ်ပါတယ်ရှင်။ ကျွန်မအနေနဲ့ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် ကျင်းပပြုလုပ်သွားမည့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် အရွေးကောက်ခံမည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီအကြောင်း မိတ်ဆက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။

ပထမဦးစွာ ကျွန်မတို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ စတင်ဖွဲ့စည်း တည်ထောင်လာခဲ့သည့် သမိုင်းအကျဉ်းချုပ်ကို တင်ပြပါရစေရှင်။ ၂၀၁၀ ခုနှစ်၊ မတ်လ (၂၄ - ၂၅) ရက်တို့တွင် ပအိုဝ်းအမျိုးသားညီလာခံတစ်ရပ်ကို ကျင်းပခဲ့ ရာ အဆိုပါညီလာခံကို ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီမှ ခေါင်းဆောင်များ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)မှ ခေါင်းဆောင်များ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အသီးသီးတို့မှ ခေါင်းဆောင်များ၊ ဦးခွန်ချစ်မောင် ဦးဆောင်သော(ရလလဖ)အဖွဲ့မှ ခေါင်းဆောင်များ၊ တက္ကသိုလ်အသီးသီးရှိ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများမှ ခေါင်းဆောင်များ၊ ပအိုဝ်းလူမှုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ လူထုကိုယ်စားလှယ်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ အစရှိသည့် အဖွဲ့အစည်းပေါင်းစုံ၊ အလွှာပေါင်းစုံ၊ ဒေသပေါင်းစုံမှ ကိုယ်စားလှယ်များ စုံလင်စွာတက်ရောက်ခဲ့ကြပြီး ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတို့တွင် ပအိုဝ်းတိုင်းရင်းသားလူမျိုးကိုယ်စားပြု ပါတီအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးကောက်ခံနိုင်ရန် “ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)ပါတီ” ကို ဖွဲ့စည်းတည်ထောင်သွားရန် တက်ရောက်လာသူ ညီလာခံ ကိုယ်စားလှယ်အားလုံးတို့က သဘောတူညီခဲ့ကြသဖြင့် “ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (PNO) ပါတီ”ကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်ရှင်။

ခင်မင်လေးစားရပါသော မဲဆန္ဒရှင်မိဘပြည်သူများရှင် - ပအိုဝ်း တိုင်းရင်းသားနှင့်အတူနေ ညီနောင်တိုင်းရင်းသား မိဘပြည်သူတို့၏ တစ်ခဲနက် အားပေးဝန်းရံထောက်ခံခဲ့မှုတို့ကြောင့် ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီသည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးလုံး ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး ရွေးကောက်ခံခဲ့ရပါတယ်ရှင်။ ထိုသို့ရွေးကောက်ခံခဲ့ကြရသဖြင့် လွှတ်တော်အသီးသီးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့တွင် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ရာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်တို့သည် နိုင်ငံတော်နှင့် မိဘပြည်သူတို့၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးတို့ကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ပေးခဲ့ကြပါတယ်ရှင်။

ရွေးကောက်ပွဲအသီးသီးတို့တွင် အနိုင်ရရှိခဲ့သော ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီသည် “လူမှုစီးပွားဘဝ မြင့်မားဖို့နဂါးကို မဲပေးစို့” ဟူသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဆောင်ပုဒ်၊ “ဒေသဖွံ့ဖြိုးတိုးတက်ဖို့ နဂါးကို မဲပေးကြစို့”ဟူသည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆောင်ပုဒ်နှင့် “လူမှုစီးပွားတိုးတက်ဖို့ ‘နဂါး’ မဲကို ထည့်ကြစို့”ဟူသည့် ရွေးကောက်ပွဲဆောင်ပုဒ်တို့ အတိုင်းနိုင်ငံတော်နှင့် မိဘပြည်သူလူထုတို့အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားတိုးတက်ရေးတို့ကို ရှေးရှုကာ NCA ပြဋ္ဌာန်းချက်တို့နှင့်အညီ “ပအိုဝ်း”လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဦးစီးဦးဆောင်ကျင်းပခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တို့တွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းတို့တွင် အလေးထားပါဝင်ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေတို့ ပြဋ္ဌာန်းလာနိုင်စေရန် စွမ်းစွမ်းတမံ ပါဝင်ကြိုးပမ်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုတို့၏ လိုအပ်ချက်တို့ကို သိရှိဆောင်ရွက်ပေးနိုင်ရန် ပြည်သူလူထုတို့နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လူငယ်နှင့်အမျိုးသမီးစွမ်းရည် မြှင့်တင်ပေးခြင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ မိဘပြည်သူတို့အတွက် အချိန်နှင့်အမျှ ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်ပြည်သူများကိုယ်စား လွှတ်တော်အစည်းအဝေးတို့တွင် အဆိုများတင်သွင်းခြင်းနှင့် ဆွေးနွေးခြင်း၊ မဲဆန္ဒရှင်ပြည်သူများကိုယ်စား လွှတ်တော်အစည်းအဝေးတို့တွင် ကြယ်ပွင့်ပြမေးခွန်းများနှင့် ကြယ်ပွင့်မပြမေးခွန်းများကို တင်ပြမေးမြန်းခြင်း၊ အမျိုးသားလက္ခဏာနှင့် သမိုင်းအမွေအနှစ်များ ထိန်းသိမ်း မြှင့်တင်ပေးခြင်း၊ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ စာသင်ကျောင်း၊ ဆေးပေးခန်းရရှိ ရေးနှင့် အဆင့်မြှင့်တင်ရေး အစရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို ဆောင်ရွက်ပေးခြင်း၊ တန်ဖိုးမြင့်စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်စေရေး အားပေးကူညီဆောင်ရွက်ပေးခြင်း၊ မိသားစုဝင်ငွေတိုးစေသည့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး အားပေးကူညီဆောင်ရွက်ပေးခြင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာစေရန် အားပေးကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးကို အထောက်အကူပြုသည့် အားကစားလှုပ်ရှားမှုတို့ကို အားပေးကူညီဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးဒဏ်သင့် မိဘပြည်သူများအား ပံ့ပိုးကူညီပေးခြင်း၊ လူငယ်ကိုအန္တရာယ်ပြုနေသည့် မူးယစ်ဆေးဝါးသုံးစွဲမှုများ ပပျောက်ရေး အသိပညာပေးလုပ်ငန်းတို့ကို ဆောင်ရွက်ခြင်းအစရှိသည့် မိဘပြည်သူအကျိုး ပြုလုပ်ငန်းများကို လွှတ်တော်များမှတစ်ဆင့်သော်လည်းကောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အနေဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရအဖွဲ့အစည်းနှင့် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းအသီးသီးတို့နှင့် လက်တွဲဆောင်ရွက်၍သော်လည်းကောင်း၊ ဒေသခံမိဘပြည်သူလူထုတို့နှင့် ညှိနှိုင်းပေါင်းစပ်၍သော်လည်းကောင်း နိုင်ငံ့အကျိုးပြုလုပ်ငန်းနှင့် မိဘပြည်သူလူထု အကျိုးပြုလုပ်ငန်းတို့ကို ကျွန်မတို့ပါတီက စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ပေး ခဲ့ပါတယ်ရှင်။

ခင်မင်လေးစားရပါသော မဲဆန္ဒရှင် မိဘပြည်သူများရှင် - ကျွန်မတို့ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီသည် မိဘပြည်သူလူထုကြားမှ ပေါက်ဖွား လာသော ပါတီတစ်ရပ်ဖြစ်သဖြင့် မိဘပြည်သူလူထုတို့၏ အရေးအရာကိစ္စရပ်များနှင့် လိုအပ်ချက်များကို ပါတီ၏ အရေးအရာကိစ္စရပ်များနှင့် လိုအပ်ချက်များအဖြစ် အလေးအနက်ခံယူကာ အဆိုပါ မိဘပြည်သူလူထုတို့၏ အရေးအရာကိစ္စရပ်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်စေရန် အစဉ်တစိုက် နည်းလမ်းကောင်းများကိုရှာဖွေပြီး ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။ လက်ရှိကာလတွင် မိဘပြည်သူလူထုတို့အတွက် အဓိကလိုအပ်နေသည့် လိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေးနှင့် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးတို့ပင် ဖြစ်ကြောင်းကို သိမြင်တွေ့ရှိရပါတယ်ရှင်။ ဒေသတည်ငြိမ်အေးချမ်းပါမှ မိဘပြည်သူလူထုတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အစရှိသည့် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကောင်းမွန်အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါတယ်ရှင်။ သို့ဖြစ်ပါ၍ တည်ငြိမ်အေးချမ်းရေးနှင့် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးသည် ကျွန်မတို့ နိုင်ငံသူနိုင်ငံသားများ အားလုံးအတွက် အသက်တမျှ အရေးကြီးနေသော အရေးကိစ္စပင် ဖြစ်ပါတယ်ရှင်။

သို့ဖြစ်ရာ ကျွန်မတို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီသည် “တည်ငြိမ်အေးချမ်းဖွံ့ဖြိုးဖို့ ‘နဂါး’မဲကိုပေးကြစို့” ဟူသည့် ရွေးကောက်ပွဲဆောင်ပုဒ်အတိုင်း တည်ငြိမ်အေးချမ်းရေးနှင့် ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းကို မိဘပြည်သူလူထုတို့အား အသိပေးတင်ပြ အပ်ပါတယ်ရှင်။ အဆိုပါတည်ငြိမ်အေးချမ်းရေးနှင့် ကဏ္ဍအသီးသီးဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားဆောင်ရွက်သွားနိုင်ရန် လာမည့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီအနေဖြင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့အတွက် ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ်ပေါင်း ၂၉ နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၅၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် အရွေးကောက်ခံသွားမှာဖြစ်ပါကြောင်း မိဘပြည်သူလူထုတို့အား အသိပေးတင်ပြအပ်ပါတယ်ရှင်။ လွှတ်တော်ကိုယ်စားလှယ်လောင်းပေါင်း ၅၁ ဦးတို့သည် နိုင်ငံ့ချစ်စိတ်နှင့် မျိုးချစ်စိတ်တို့ ပြည့်ဝကြပြီး စွမ်းဆောင်ရည်မြင့်မားသူ များဖြစ်ကာ အားလုံးနီးပါးတို့သည် ပညာရပ်အသီးသီးတို့၌ တတ်မြောက် ဘွဲ့ရကြသူများ ဖြစ်ကြပါတယ်ရှင်။ မျိုးဆက်သစ်လူငယ်နှင့် အမျိုးသမီးတို့ ပိုမိုပါဝင်လာနိုင်စေရန် ရည်ရွယ်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၏ လွှတ်တော်ကိုယ်စား လှယ်လောင်းတို့တွင် အသက် ၄၀ အောက် လူငယ် ၅၉% နှင့် အမျိုးသမီး ၂၀% ပါဝင်ပါကြောင်းကိုလည်း မဲဆန္ဒရှင်မိဘပြည်သူတို့အား လေးစားစွာ အသိပေးတင်ပြအပ်ပါတယ်ရှင်။

ခင်မင်လေးစားရပါသော မဲဆန္ဒရှင် မိဘပြည်သူများရှင် - ကျွန်မတို့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၏ ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ အလေးထား ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်တို့ကို အောက်ပါအတိုင်း လေးစားစွာ တင်ပြအပ်ပါတယ်ရှင် -

(၁)     ဒေသငြိမ်းချမ်းရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလေးထား ဆောင်ရွက်သွားမည်။

(၂)      လူမျိုးဘာသာမရွေး လူသားများအားလုံး ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲ နေထိုင်ရေး၊ တိုင်းရင်းသားများ ရင်းနှီးချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် အလေးထားဆောင်ရွက်သွားမည်။

(၃)     ပြည်သူလူထု လုံခြုံမှုရှိရေး၊ ကျန်းမာရေး၊ ပညာရည်မြင့်မားရေးနှင့် လူမှုစီးပွားမြင့်မားရေးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမည်။

(၄)     လူငယ်များသင့်လျော်သည့် အလုပ်အကိုင်ရရှိရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် နည်းပညာကို အခြေခံသော စီးပွားရေးလုပ်ငန်းများ အားကောင်း လာစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်။

(၅)     ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်။

(၆)     ပအိုဝ်းလူမျိုးနှင့်အတူနေ ညီနောင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ သမိုင်းအမွေအနှစ်များနှင့် အခွင့်အရေးများအားလုံးကို အလေးထား ကာကွယ်စောင့်ရှောက်မြှင့်တင်သွားမည်။

(၇)     ပအိုဝ်းလူမျိုးတို့၏ ဂုဏ်အင်္ဂါရပ်များနှင့် လျော်ညီသည့် ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များရရှိအောင် ဥပဒေနှင့်အညီ အလေးထားဆောင်ရွက်သွားမည်။

(၈)     အထူးဒေသ(၆)အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုဘဝလုံခြုံ အေးချမ်းရေးအတွက် စည်းရုံးရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ကို အလေးထား ဆောင်ရွက်သွားမည်။

(၉)     အထူးဒေသ(၆)နှင့် ပအိုဝ်းလူမျိုးများ နေထိုင်ရာဒေသ ပေါ်လွင်ထင်ရှားမှု ရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်တို့ပဲ ဖြစ်ပါတယ်ရှင်။

နိဂုံးချုပ်အနေဖြင့် ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီသည် မိဘပြည်သူလူထု၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မိဘပြည်သူလူထုတို့က ရွေးကောက်တင်မြှောက်စေလွှတ်ပါက မိဘပြည်သူလူထုတို့ကိုယ်စား နိုင်ငံ့ရေးရာကိစ္စရပ်များ၊ ပြည်သူ့ရေးရာကိစ္စရပ်များ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တို့ကို မိဘပြည်သူတို့အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကို မိဘပြည်သူလူထုတို့က အားပေးဝန်းရံ ဆန္ဒမဲပေးကြလိမ့်မည်ဟုလည်း ကျွန်မတို့ပါတီက မိဘပြည်သူလူထုတို့ကို အပြည့်အဝယုံကြည်အားကိုးပါကြောင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကို ဆန္ဒမဲပေးကြမည့်မဲဆန္ဒရှင် မိဘပြည်သူတစ်ဦးချင်းစီတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါတယ်ရှင်။ ကြည့်ရှုနားဆင်ခဲ့ကြသည့် မိဘပြည်သူလူထုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

 “တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးဖို့ ‘နဂါး’ မဲကို ပေးကြစို့”

ပါတီ၏ သီချင်းစာသား (ဘာသာပြန်)

တိုင်းပြုပြည်ပြုရတနာ

-         အနက်ရောင် ရိုးရာဝတ်စုံကို ပအိုဝ်းဇာတိဓလေ့ထုံးတမ်းတို့နှင့်အညီ ဆင်မြန်းကြလို့ကွယ်၊

-         ပအိုဝ်းစကားကိုလည်း ပြောဆိုကြလို့ကွယ်၊ ပအိုဝ်းစာကိုလည်း သင်ယူ တတ်မြောက်ကြပါ ပေတယ်၊

-         မျိုးချစ်စိတ်အပြည့်နဲ့ အမျိုးသားအရေးတို့ကို အလေးထား ဦးဆောင်ဦးရွက် တာဝန်ထမ်းကြပါ ပေတယ်၊

-         ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ တွဲလက်ကိုမဖြုတ်ဘဲ အမျိုးသားတာဝန်ကို ကိုယ်စီထမ်းရွက်ကြပါ ပေတယ်၊

-         တိုးတက်မြင့်မားရာကို ထွန်းပေါက်ရောက်ရှိဖို့ရာ စိတ်မှာ အောင်အဓိဋ္ဌာန် ထားရှိပြီး ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း ပအိုဝ်းဖြစ်ရ ဤဘဝ တခဏဝယ် “ပအိုဝ်းရတနာ”လို့ ခေါ်တွင်ထိုက်စေရမယ်၊ မင်းမျိုး ဝိဇ္ဇာ နဂါးမျိုးနွယ်တို့ “ပအိုဝ်းရတနာ”တွေပဲကွယ်၊

-         တို့တစ်တွေ နေထိုင်တဲ့ဒေသဟာ သတင်းမွှေးပျံ့နေတဲ့ သာယာသော တိုင်းပြည် ဖြစ်နေစေဖို့ပါ၊

-         ရာသီဥတု မျှတပြီး စိုက်ပျိုးရေးလုပ်ငန်း အသီးအပွင့်များ ဖြစ်ထွန်းကာ အသက်မွေးဝမ်းကျောင်း စီးပွားရေးအောင်မြင်ထွန်းကားပြီး ကျန်းမာရေး ကောင်းမွန်တဲ့ တို့ရေမြေမှာ သာသနာလည်း ထွန်းကားလို့ တည်ငြိမ် အေးချမ်းတာမို့ တို့ရတနာ တိုင်းပြည်မှာ အိုးစည်ဗုံမောင်းသံသာတွေ ဟီးထပ်နေလို့ပါပဲကွယ်၊

-         “မင်းကောင်း”လို့ ကျော်ကြားနေတဲ့ “နဂါး” အမှတ်တံဆိပ်ကို တို့ရင်ထဲ စွဲမြဲတာမို့ “နဂါး”ကို တို့တစ်တွေအားလုံး မဲပေးကြပါစို့၊

-         ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ လူထုအကျိုးကို ဦးဆောင်သယ်ပိုးတဲ့ အဖွဲ့ပါ၊

-         ရွေးကောက်ပွဲဟာ ပြန်လည်ရောက်ရှိလာပြီမို့ ဒီတစ်ကြိမ်လည်း တို့အခွင့်အရေးတွေ မဆုံးရှုံးရအောင်ကွယ်၊ ကံ(စေတနာ)ကောင်းခြင်း၊ ကံ(စေတနာ)မြင့်မားခြင်းတို့နှင့်အတူ မင်းမျိုးညီနောင် တို့ပအိုဝ်း တိုင်းပြု ပြည်ပြုရတနာတွေ အရွေးကောက်ခံထိုက်ပါပေတယ်ကွယ်။