နေပြည်တော် နိုဝင်ဘာ ၁
ကလေးအကျဉ်းထောင်၌ အကျဉ်းသားများ အရေးပေါ်ဆေးကုသလိုလျှင် အနည်းဆုံးငွေကျပ်ငါးသိန်းနှင့်အထက် ထောင်အာဏာပိုင်များထံ လာဘ်ထိုးရသည်ဟူသော ခေါင်းစဉ် ဖြင့် Khit Thit Media အမည်ခံ Facebook Page တွင် အောက်တိုဘာ ၂၄ ရက်က မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖြစ်စဉ်အားစိစစ်ရာတွင် ကလေးအကျဉ်းထောင်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို မည်သည့်အကျဉ်းသား/သူ၊ အချုပ်သား/သူများနှင့် ငွေကြေးတစ်စုံတစ်ရာ ပတ်သက်ဆက်နွှယ်မှုမရှိစေရန် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ခံအရာရှိတို့က အမြဲကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အကျဉ်းသား/သူ၊ အချုပ်သား/သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုအား အကျဉ်းထောင် ဆရာဝန်၊ ကျန်းမာရေးမှူး(၁)၊ သူနာပြုသုံးဦးတို့က နေ့စဉ် အိပ်ဆောင်/ တိုက်ခန်းများအလိုက် Mobile Team စနစ်ဖြင့် လှည့်လည်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကယ်၍ ပြင်ပဆေးရုံသို့ တင်ပို့ကုသရန်လိုအပ်ပါက အကျဉ်းထောင်ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများက တာဝန်ခံအရာရှိထံတင်ပြပြီး ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်တင်ပို့ကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးအကျဉ်းထောင်၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ နေ့ချင်းပြန်သွားရောက်ပြသရသည့် အကျဉ်းသား ၁၀၆ ဦး၊ အကျဉ်းသူ ၉၇ ဦး၊ စုစုပေါင်း ၂၀၃ ဦးနှင့် ကလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသရသည့် အကျဉ်းသား ၄၂ ဦး၊ အကျဉ်း သူ ရှစ်ဦး၊ အချုပ်သားငါးဦး၊ ပေါင်း ၅၅ ဦးရှိကြောင်း သိရသည်။
ထို့ပြင် Khit Thit Media က ရေးသားဖော်ပြထားသကဲ့သို့ ကလေးအကျဉ်းထောင်၌ အာရုံကြောဆိုင်ရာ ရောဂါများကြောင့် ခြေထောက်များလှုပ်မရသည့်အတွက် မသန်စွမ်းဖြစ်သွားသော အကျဉ်းသား/အချုပ်သား တစ်ဦးတစ်ယောက်မျှမရှိဘဲ အကျဉ်းထောင်ရှိ မသန်စွမ်းအကျဉ်းသား လေးဦး(ယာဘက်ဒူးဆစ် အောက်မှ ဖြတ်ထားသူ နှစ်ဦး၊ ယာဘက်လက်တံတောင်ဆစ်မှ ဖြတ်ထားသူတစ်ဦး၊ ယာဘက်မျက်လုံးမမြင်သူတစ်ဦး)တို့သည်လည်း ၎င်းတို့ပြင်ပ၌ နေထိုင်စဉ်ကတည်းက ရရှိခဲ့သော ဒဏ်ရာများသာဖြစ်ကြောင်း။
နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ကလေးအကျဉ်းထောင်မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များသည် တာဝန်ခံအရာရှိ၏ ခွင့်ပြုချက်ရရှိမှသာ ဌာနပြင်ပသွားလာခွင့်ရှိပါ ကြောင်း၊ မည်သည့် KTV ဆိုင်မှ ဖွင့်လှစ်ခြင်းမရှိသည့်အတွက် Khit Thit Media အမည်ခံ Facebook Page ၏ သတင်းရေးသားဖော်ပြမှုများသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန်၊ အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် သတင်းရေးသားဖော်ပြခြင်းသာဖြစ်သည်။
သစ္စာ
