Skip to main content

၂ဝ၂၄ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့်အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

အမျိုးသားစာပေတစ်သက်တာဆုကို စာပေပညာရှင် ဆရာမကြီး ဒေါက်တာဒေါ်ပို (မလေးပို)၊ စာရေးဆရာ ဆရာကြီး ‌‌ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)၊ စာရေးဆရာ ဆရာမကြီး ဒေါ်တင်ရီ (တင်ရီမ-ညောင်ဦး)၊ စာရေးဆရာ ဆရာကြီး ‌‌ဦးကိုကို (ကို-တက္ကသိုလ်)နှင့် စာပေပညာရှင် ဆရာမကြီး ဒေါက်တာခင်သန်းဦး (မမိုးမြေ) တို့ရရှိ

နေပြည်တော် နိုဝင်ဘာ ၁

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ‌တော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဆရာမကြီး ဒေါက်တာဒေါ်ပို (မလေးပို)၊ စာရေးဆရာ ဆရာကြီး‌ ‌ဦးသန်းညွန့် (ဇင်မင်း-သမိန်ထော)၊ စာရေးဆရာ ဆရာမကြီး ဒေါ်တင်ရီ (တင်ရီမ-ညောင်ဦး)၊ စာရေးဆရာဆရာကြီး ‌‌ဦးကိုကို (ကို-တက္ကသိုလ်)နှင့် စာပေပညာရှင် ဆရာမကြီး ဒေါက်တာခင်သန်းဦး(မမိုးမြေ)တို့အား ၂ဝ၂၄ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း‌ ကြေညာသည်။

ထိုနည်းတူ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ၂ဝ၂၄ ခုနှစ်အတွင်းပထမအကြိမ်ထုတ်ဝေခဲ့သည့်စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသောစာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ထုတ်ပြန်ကြေညာသည်။

ဝတ္ထုတိုဆုတွင် ရဲမင်းစိုးရေးသားသည့် လေလှိုင်းကြားက အသက်ရှူသံများနှင့် (စစ်သည်နှလုံးသား ခံစားချက်ဝတ္ထုတိုများ) စာအုပ် (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်)၊ ကဗျာ(ဂန္ထဝင်)ဆုတွင် ဇော်မင်းမင်းဦး ရေးသားသည့် နယ်နိမိတ်နဲ့စည်းရိုး စာအုပ် (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်)၊ ကဗျာ(ခေတ်ပေါ်)ဆုတွင် ဌေးကြည်(စလင်း) ရေးသားသည့် လက်ဖျော်ကော်ဖီ စာအုပ် (ဆောင်းစုရတီစာပေတိုက်)၊ စာပဒေသာဆုတွင် မောင်ရိုး(ငဖဲ)ရေးသားသည့် လွမ်းရတမ်းတပါ့ ငဖဲမြေ ကျွန်တော်တို့ရွာ ကျွန်တော်တို့ဓလေ့-၂ စာအုပ် (မေတ္တာရိပ်နန်းစာပေတိုက်)၊ ကလေးစာပေဆုတွင် သက်ဦးခင်ရေးသားသည့် မြန်မာ့ရတနာ ကလေးကဗျာများ စာအုပ် (စာပေဗိမာန်)၊ ဘာသာပြန်(သုတ)ဆုတွင် သက်ထွန်းဦး ရေးသားသည့် လုပ်ငန်းငယ်များအတွက် မရှိမဖြစ် ဘဏ္ဍာရေးစီမံခန့်ခွဲမှုလမ်းညွှန် (ဇာတိမြေစာပေတိုက်)၊ ဘာသာပြန်(ရသ)ဆုတွင် မြင်းမူမောင်နိုင်မိုးရေးသားသည့် ခေတ်အဆက်ဆက်နှစ်သက်စရာ တရုတ်ကဗျာများ စာအုပ် (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်)၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် အထူးဆုအနေဖြင့် တာမိုးညဲသီဟလွင် စီစဉ်ပူဇော်ပြီး တင်အောင်ထွန်း(သုတေသန) ရေးသားသည့် ဗုဒ္ဓသာသနာထွန်းလင်းဖြာ စာအုပ် (တာမိုးညဲစာပေတိုက်)၊ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ဒေါက်တာတင်ထွန်းဦး ရေးသားသည့် ဖိစီးမှုရှင်း သောကကင်း စာအုပ်(သုတစွယ်စုံစာပေတိုက်)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ)ဆုတွင် ပါမောက္ခ ကိုကိုအောင် ရေးသားသည့် ခေတ်သစ်လူထုသိပ္ပံကျမ်း စာအုပ်(စာပေဗိမာန်)၊ သုတပဒေသာ (အသုံးချသိပ္ပံ) ဆုတွင်ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရေးသားသည့် မူးယစ်ဆေးစွဲခြင်းဆိုင်ရာသိပ္ပံပညာ စာအုပ်(ရှင်မတောင်စာပေတိုက်)၊ နိုင်ငံရေးစာပေဆုတွင် အလင်းဆက် (IR) ရေးသားသည့် အင်ဒို-ပစိဖိတ်ဒေသ တရုတ်နှင့် အမေရိကန် မဟာဗျူဟာအခင်းအကျင်း စာအုပ် (Satori Publishing စာပေတိုက်)၊ အင်္ဂလိပ်ဘာသာ(သုတ)ဆုတွင် Mra Hninzi ရေးသားသည့် Myanmar Postage Stamps စာအုပ် (တာမိုးညဲ စာပေတိုက်)၊ ရသစာတမ်း(အက်ဆေး) ဆုတွင် မင်းချမ်းမွန်ရေးသားသည့် ကျွန်တော် တတိယ ရန်ကုန်မြို့တော်သား(ရသအက်ဆေးများ) စာအုပ်(မင်းနှင့် မေစာပေတိုက်)၊ ရည်ညွှန်းစာပေဆုတွင် DR. KHIN MAUNG LWIN (FAME) ရေးသားသည့် MYANMAR MEDICINAL PLANT ENCYCLOPEDIA စာအုပ် (Fame Publishing House စာပေတိုက်)တို့ကို ရွေးချယ်ကြောင်း ကြေညာသည်။

အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၁ဝဝ ချီးမြှင့်မည်ဖြစ်ပါသည်။ အမျိုးသားစာပေဆုများကို တစ်ဆုလျှင် ငွေကျပ်သိန်း ၃ဝ ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင် ငွေကျပ် သိန်း ၄၀ တိုးမြှင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာပေစိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၀ ဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက်ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

ဆုရ‌ရှိသူများသည် ရန်ကုန်မြို့အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ စာပေဗိမာန်ရှိ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီအတွင်းရေးမှူး တယ်လီဖုန်းအမှတ် ဝ၁၈-၂၄ဝဝ၄၈ နှင့် စီမံရေးရာတယ်လီဖုန်းအမှတ် ဝ၁၈-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ်ကြရန်နှင့် (၅x၈) လက်မ‌ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ်‌ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို ကိုယ်‌ရေးရာဇဝင် အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါဆုများကို ၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် (ကြာသပတေးနေ့)တွင် ကျင်းပမည့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေ ဆုနှင့်စာပေဗိမာန်စာမူဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ကျင်းပမည့် အချိန်နှင့်နေရာတို့ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်