Skip to main content

၂၀၂၄ ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၁

၂၀၂၄ ခုနှစ် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများနှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊  ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးနှင့် အခြားနှီးနွှယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တီဘီကျွမ်းကျင်ပညာ ရှင်များ၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနတာဝန်ခံဆရာဝန်များနှင့်မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက တီဘီရောဂါရှာဖွေစမ်းသပ်စစ်ဆေးရာတွင် Chest X-Ray Abnormalities Followed by GeneXpert ကို ပြောင်းလဲကျင့်သုံးလာသည့်အတွက် ဓာတ်မှန်သည်အရေးကြီးသည့်အခန်းကက ပါဝင်လာပြီး Diagnostic Algorithm အရ  တီဘီသံသယလူနာတိုင်းအား ရင်ခေါင်းဓာတ်မှန်ရိုက် စစ်ဆေး ခြင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တီဘီသံသယလူနာများအနေဖြင့် ပြည်သူ့ဆေးရုံများတွင် ရင်ခေါင်းဓာတ်မှန်ရိုက် စစ်ဆေးနိုင်ရေးလက်လှမ်းမီစေရန် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တီဘီရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးခြင်းအတွက် New Tools များဖြစ်သည့် Portable   TrueNat   Machine များနှင့်   AI  နည်းပညာဖြင့် ရင်ခေါင်းဓာတ်မှန်ဖတ်ခြင်း (X-ray CAD) ကို ကွင်းဆင်းတီဘီရောဂါ ရှာဖွေရေးလုပ်ငန်းများတွင်အသုံးပြုရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးယဉ်ပါးတီဘီ ကုထုံးအနေဖြင့်လည်း ဆေးကုသအောင်မြင်မှုနှုန်းမြင့်မား၍ ဆေးကုသမှုကာလ(၆လ)တိုသည့်  ကုထုံးသစ် (BPa LM/BPaL)ကို တစ်နိုင်ငံလုံးရှိဆေးယဉ်ပါးတီဘီရောဂါဌာနများတွင် အသုံးပြုလျက်ရှိကြောင်း၊ တီဘီ‌ရောဂါကူးစက်မှုကို မြန်ဆန်စွာလျှော့ချနိုင်ရန် တီဘီလူနာများကိုရှာဖွေကုသပေးမည့်အပြင် တီဘီလူနာနှင့်အတူနေမိသားစုဝင်များနှင့် တီဘီ၊ အိပ်ချ်အိုင်ဗွီရောဂါဝေဒနာရှင်များအား TB Preventive Treatment (TPT) တိုက်ကျွေးခြင်းလုပ်ငန်းကို  ပိုမိုအားထည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

၂၀၂၄ ခုနှစ် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ နှစ်ပတ်လည်ဆန်းစစ်ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှ   ၂၈   ရက်အထိ နှစ်ရက်ကြာကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်