နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ၎င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
လေးစားအပ်ပါသော မိဘပြည်သူများ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျွန်တော်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်ကစပြီး ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို စတင်ကျင်းပမှာဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတပြီး မှတ်ကျောက်တင်နိုင်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ပြည်သူလူထုပူးပေါင်း ဆောင်ရွက်ချက်နဲ့အတူ နိုင်ငံတော်အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က ပြည်တွင်း/ပြည်ပလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ခေါ်ပြီး ပွင့်လင်းမြင်သာစွာဆောင်ရွက်သွားမှာဖြစ်လို့ ပေါ်ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်နဲ့အစိုးရသစ်သည်လည်း တရားဝင်မှုကို ရှိစေမှာဖြစ်ပါတယ်။
မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-
လာမယ့် ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ပါတီရဲ့ဆောင်ပုဒ်က “ပိုမိုခိုင်မာ ပြည်မြန်မာ”ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ဝယ်ရရှိထားပြီးဖြစ်တဲ့ အခြေခံကောင်းတွေအပေါ်မူတည်ပြီး ပိုမိုခိုင်မာအင်အားတောင့်တင်းလုံခြုံအေးချမ်းတဲ့နိုင်ငံတော်ကြီးဖြစ်ထွန်းပေါ်ပေါက်ရမယ်ဆိုတဲ့ နိမိတ်ပုံကိုယူပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ပါတီအနေနဲ့ လွန်ခဲ့တဲ့ (၃)နှစ်တာကာလအတွင်းပြည်သူလူထုရဲ့ အဓိကလိုအင်ဆန္ဒတွေကို စနစ်တကျလေ့လာပြီး ပါတီတာဝန်ရှိသူတွေက ဘာသာရပ်ဆိုင်ရာလက်တွေ့ကျွမ်းကျင်သူတွေကိုဖိတ်ကြား၍ ကြိမ်ဖန်များစွာဆွေးနွေးကြပြီး နိုင်ငံတော်ရဲ့ အနာဂတ်အစီအမံတွေကို ဆွေးနွေးအဖြေရှာခဲ့ကြပါတယ်။ကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေဟာ ဒို့တာဝန်အရေးသုံးပါးကိုအခြေခံပြီး ကဏ္ဍစုံ၊ နယ်ပယ်စုံဆွေးနွေးခဲ့ကြတာဖြစ်လို့ ပါတီရဲ့အနာဂတ်အစီအမံကတိကဝတ်တွေအဖြစ် ပါတီရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ အပြည့်အစုံဖော်ပြထားပြီးဖြစ်ပါတယ်။ပထမဦးဆုံး ကျွန်တော်တို့လုပ်ရမယ့်လုပ်ငန်းစဉ်ကတော့ နိုင်ငံတော်ကဏ္ဍအသီးသီးရဲ့ လက်ရှိအခြေအနေတွေကို ပြည်တွင်းကျွမ်းကျင်ပညာရှင်တွေနဲ့ “လေ့လာ၊ သုံးသပ်၊ ဆန်းစစ်ခြင်း”လုပ်ငန်းကို စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် ဦးစားပေးကဏ္ဍအလိုက် ထုတ်နုတ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ပါတီရဲ့ နိုင်ငံအတွက်အခြေခံစဉ်းစားချက်ဖြစ်ပါတယ်။
ဒီနေ့တင်ပြချက်တွေဟာ အချိန်ကန့်သတ်ချက်အရ ပြည်သူတွေရဲ့အဓိကလိုလားချက်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းစွာ နေထိုင်လိုမှု၊ အခြေခံစားဝတ်နေရေးအဆင်ပြေစေလိုမှု စတာတွေကို အဓိကထားပြောကြားမှာဖြစ်ပြီး ဆက်စပ်ပတ်သက်နေတဲ့ နယ်ပယ် ကဏ္ဍတချို့ကိုပါ အကျဉ်းချုပ်ထုတ်နုတ်တင်ပြသွားမှာဖြစ်ပါတယ်။
နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ရင် တပ်မတော်နဲ့အစဉ်လက်တွဲပြီး ကူညီပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးကဏ္ဍနဲ့ပတ်သက်လာရင် တရားဥပဒေစိုးမိုးရေး အင်အားစုတွေလို့ခေါ်ရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အခွန်ဦးစီးဌာန၊ တရားရေးဌာနနဲ့ ဥပဒေဌာန စသည်ဖြင့် များစွာသောအဖွဲ့အစည်းတွေနဲ့ ဘက်စုံထောင့်စုံ ပီပီပြင်ပြင် ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီနည်းပညာတွေဖြည့်တင်းပြီး အင်အားတိုးမြှင့်ခြင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်သော လုံခြုံရေးစနစ်ကို တည်ဆောက်ခြင်း၊ ရဲတက္ကသိုလ်တစ်ခုသီးခြားဖွင့်လှစ်ပြီး အကြမ်းဖက်မှု၊ ပြည်တွင်းလုံခြုံရေးနဲ့မှုခင်းနှိမ်နင်းရေးကို အရည်အသွေးပြည့်မီစွာ ထမ်းဆောင်နိုင်ဖို့ စီမံဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်ရှိဖွဲ့စည်းပုံမှာလိုအပ်နေတဲ့ တိရစ္ဆာန်များစနစ်တကျထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးရဲတပ်ဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနယ်မြေထိန်းသိမ်းစောင့်ရှောက်ရေးရဲတပ်ဖွဲ့အပါအဝင် လိုအပ်သောလုံခြုံရေးအဖွဲ့အစည်းတွေကို တိုးချဲ့ဖွင့်လှစ်သွားပါမယ်။
ရဲစခန်းတစ်ခုပိုင်နယ်မြေအတွင်းမှာရှိတဲ့အိမ်ရာတိုင်းကို သက်ဆိုင်ရာနယ်မြေရဲစခန်းနဲ့ချိတ်ဆက်မှုစနစ်မျိုး တည်ဆောက်ထားခြင်း၊ အနီးဝန်းကျင်ရှိ ရဲစခန်းအချင်းချင်းအချိန်နဲ့တစ်ပြေးညီ ကွန်ရက်ဆက်သွယ်မှုစနစ်ကိုထူထောင်ခြင်းတွေပြုလုပ်ပြီးတရားဥပဒေစိုးမိုးရေးနဲ့ရာဇဝတ်မှုနှိမ်နင်းခြင်းတွေကို ပိုမိုအားဖြည့်ဆောင်ရွက်သွားပါမယ်။
အုပ်ချုပ်ရေးကဏ္ဍမှာ အစိုးရအုပ်ချုပ်ရေးစနစ်အသွင်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်အသွင်သို့ပြောင်းလဲခြင်း၊ ဟန့်တားကြန့်ကြာစေတဲ့ ကြိုးနီစနစ်တွေကိုဖယ်ရှားပစ်ခြင်းစတာတွေကို အထူးအလေးထားဆောင်ရွက်သွားပါမယ်။တရားစီရင်ရေးကဏ္ဍမှာ ဘက်လိုက်မှု၊ ကြန့်ကြာမှု၊ အဂတိမှုတွေမဖြစ်ပေါ်စေရေးအတွက် စနစ်တကျစောင့်ကြည့်လေ့လာရေးယန္တရားတစ်ရပ်ထူထောင်ပြီး လွတ်လပ်၍တရားမျှတသော တရားစီရင်ရေးစနစ်ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားပါမယ်။
နိုင်ငံသားတိုင်းဟာ ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေတွေရဲ့ အကာအကွယ်ကို အပြည့်အဝခံစားရရှိစေဖို့ ဆောင်ရွက်သွားပါမယ်။
အခြေခံစားဝတ်နေရေးအဆင်ပြေစေရေးနဲ့ပတ်သက်ပြီး ကုန်စည်စီးဆင်းမှုလျင်မြန်မှန်ကန်စေဖို့ ဟန့်တားနေတဲ့အတားအဆီးတွေအားလုံးဖယ်ရှားခြင်း၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ သီးနှံဇုန်၊ မွေးမြူရေးဇုန်၊ ရော်ဘာဇုန်၊ သားငါးဇုန်၊ အလှပန်းမန်ဇုန် စသည်ဖြင့် သီးခြားဇုန်တွေသတ်မှတ်၍ သွင်းအားစုတွေကို အကောက်ခွန်နှုန်းလျှော့ချတင်သွင်းစေပြီး အစိုးရသက်တမ်းတစ်ခုအတွင်းမှာ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ကာ ပို့ကုန်/သွင်းကုန်မူဝါဒတွေကို ပြန်လည်ဆန်းစစ်ခြင်း၊ ဇုန်တွေကထွက်ရှိသောထွက်ကုန်တချို့အား ပြည်ပပို့ကုန်အဖြစ်ဆောင်ရွက်ခြင်းများပြုလုပ်ခြင်းဖြင့် ကုန်စည်ဈေးနှုန်းတွေကျဆင်းစေခြင်း၊အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်းတို့ကိုလည်းတစ်ပါတည်း ပူးတွဲဆောင်ရွက်သွားပါမယ်။စီးပွားရေးကဏ္ဍမှာ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ သွင်းကုန်မူဝါဒ၊ ပို့ကုန်မူဝါဒ၊ ကုန်သွယ်မှုမူဝါဒတွေကို နိုင်ငံတော်နဲ့ပြည်သူအားလုံးအတွက် လုပ်သာကိုင်သာရှိသောအခြေအနေမျိုးဖြစ်အောင် စိစစ်ဆောင်ရွက်သွားပါမယ်။
မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား-
ဆက်စပ်ကဏ္ဍတွေအနေ နဲ့ လယ်ယာကဏ္ဍမှာ မြန်မာ့တောင်သူလယ်သမားတွေ ကြွေးမြီသံသရာက တစ်စချင်းတစ်စချင်း လွတ်မြောက်အောင် အစိုးရ သက်တမ်းတစ်ခုအတွင်း အာမခံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
အလုပ်သမားကဏ္ဍအနေနဲ့လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲကြောင့် တည်ငြိမ်အေးချမ်းမှုနဲ့အတူ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာမှာဖြစ်လို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်။ ဒီအချက်ကို ထိထိမိမိအသုံးချနိုင်ဖို့အတွက် ပြည်တွင်းရှိသက်မွေးပညာကျောင်းတွေမှာ“အာဆီယံအဆင့်”သတ်မှတ်နိုင်အောင်စီမံပြီး ပေါ်ပေါက်လာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရယူခံစားနိုင်အောင်ဆောင်ရွက်သွားပါမယ်။
အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို လက်ရှိအခြေအနေနဲ့ကိုက်ညီအောင်တိုးမြှင့်ခြင်း၊ အလုပ်သမားအခွင့်အရေးအကာအကွယ်ပေးရေးဥပဒေတွေကို ဖြည့်စွက်ပြဋ္ဌာန်းခြင်း၊ ပြည်ပသို့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားအားလုံး တရားဝင်ဖြစ်စေဖို့ အစိုးရချင်းညှိနှိုင်းဆောင်ရွက်ပြီး ၎င်းတို့ရဲ့မိသားစုထံလွှဲပြောင်းငွေတွေကိုတရားဝင်နည်းလမ်းဖြင့် ပိုမိုအဆင်ပြေချောမွေ့စေရန်လည်း စီမံဆောင်ရွက်ပေးပါမယ်။
ဝန်ထမ်းကဏ္ဍအနေနဲ့ အခြေခံလစာကို လက်ရှိအခြေအနေနဲ့ ကိုက်ညီနိုင်အောင်တိုးမြှင့်ပေးပြီး ကုန်ဈေးနှုန်းတွေ လိုက်လံတိုးမြင့်မလာစေဖို့ လိုအပ်သောဥပဒေများ၊ ထိန်းကျောင်းမှုများစတာတွေကို ချမှတ်ဆောင်ရွက်သွားပါမယ်။ ဝန်ထမ်းတွေတာဝန်ထမ်းဆောင်စဉ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် သွားလာရေး၊ နေထိုင်ရေးကိစ္စတွေမှာ အခွင့်အရေးများရရှိစေဖို့ စီမံဆောင်ရွက်သွားပါမယ်။
ဝန်ထမ်းတွေအတွက် လူမှုဖူလုံရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေကို ပိုမိုအားဖြည့်ဆောင်ရွက်သွားပါမယ်။ဝန်ထမ်းအငြိမ်းစားတွေအတွက် ခေတ်နဲ့အညီ ရပ်တည်နိုင်အောင်လည်း စီမံဆောင်ရွက်သွားပါမယ်။ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ မသန်စွမ်းတွေ ကူညီစောင့်ရှောက်ရေးနဲ့ လိုအပ်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ရေးကိုလည်း ဥပဒေပြဋ္ဌာန်းပြီး အစီအမံတစ်ရပ်ချမှတ်ဆောင်ရွက်သွားပါမယ်။ပညာရေးကဏ္ဍမှာ နိုင်ငံတော်ကချမှတ်ထားတဲ့အလယ်တန်းအဆင့်အထိ အခမဲ့ပညာသင်ကြားရေးစနစ်ကို အားဖြည့်ဆောင်ရွက်သွားပါမယ်။
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အလိုက် ကျောင်းစတင်အပ်နှံရမယ့် (၅)နှစ် ကျောင်းနေအရွယ်ကလေးများ စာရင်းကောက်ယူရေး လုပ်ငန်းယန္တရားတစ်ခုကို ဒေသအာဏာပိုင်များအစီအစဉ်နဲ့ ကွက်လပ်မကျန်ဆောင်ရွက်ပါမယ်။ ယင်းနောက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေးစီမံသွားပါမယ်။ မိသားစုစားဝတ်နေရေးအတွက် အခြေအနေအမျိုးမျိုးကြောင့် ကျောင်းအပ်နှံမှုမပြုနိုင်တဲ့ကလေးတွေအတွက်“ကျောင်းပြင်ပ ပညာရေးစနစ်”ကို အစားထိုးဆောင်ရွက်ပြီး ကျောင်းနေအရွယ်အားလုံး ကြွင်းကျန်မှုမရှိရအောင် စီမံဆောင်ရွက်သွားပါမယ်။
အဲဒီနောက် နိုင်ငံတကာအဆင့်မီပညာရေးမြင့်မားလာစေဖို့ သင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားပါမယ်။ ကျောင်းများမှာ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နဲ့လူ့ကျင့်ဝတ်၊ တရားဥပဒေတို့ကိုလေးစားလိုက်နာသောနိုင်ငံသားတွေဖြစ်လာအောင် ကျောင်းသင်ရိုးညွှန်းတမ်းများမှာဒီအချက်တွေ ထည့်သွင်းရေးဆွဲပြီး အလယ်တန်းအဆင့်အထိ မသင်မနေရဘာသာတစ်ခုအဖြစ် သင်ကြားစေခြင်း၊ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသားတိုင်းသည် မိမိဘာသာစကားအပြင် တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုးကို အလယ်တန်းအဆင့်အထိ မသင်မနေရသင်ယူစေခြင်းစတာတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လူငယ်နှင့် အမျိုးသမီးကဏ္ဍနဲ့ပတ်သက်ရင် ဒီနေ့လုပ်ဆောင်ချက်တွေဟာ အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက် ရလဒ်ကောင်းတွေဖြစ်ထွန်းပေါ်ပေါက်စေဖို့ ဖော်ဆောင်ပေးနေခြင်းဖြစ်ပါတယ်။ အနာဂတ်လူငယ်တွေအတွက် ပဋိပက္ခတွေ၊ နည်းပညာနောက်ကျမှုတွေစတဲ့လိုအပ်ချက်တွေကို ချန်ထားခဲ့မှာမဟုတ်ဘဲ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်တွေအဖြစ်အမွေပေးနိုင်အောင် အဆင့်ဆင့်တိုးမြှင့်အကောင်အထည်ဖော်သွားပါမယ်။
ကျန်းမာရေးကဏ္ဍအနေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို တိုးချဲ့မြှင့်တင်ခြင်း၊ ကျေးလက်ဒေသတွေမှာ လူတိုင်းလက်လှမ်းတမီကျန်းမာရေးစောင့်ရှောက်မှုစနစ် လွှမ်းခြုံနိုင်မှုကို ပိုမိုကျယ်ပြန့်အောင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၊ ပြည်သူ၊ ပုဂ္ဂလိက၊ ပရဟိတစတဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ရပ်ထူထောင်ခြင်း၊ ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးလုပ်သားများဖြည့်တင်းခြင်း၊ဆေးကုသမှုစရိတ်များသက်သာအောင်ဆောင်ရွက်ခြင်း၊ ဖြည့်တင်းပေးခြင်းတွေကို တိုးမြှင့်ဆောင်ရွက်သွားပါမယ်။
ပြည်တွင်း/ပြည်ပမှထုတ်လုပ်တင်သွင်းတဲ့ စားသောက်ကုန်တွေကိုကျန်းမာရေးနဲ့ညီညွတ်စေဖို့အတွက် အစားအသောက်ဆေးဝါးစစ်ဆေးရေးအဖွဲ့အစည်း(FDA)ကဲ့သို့သောအဖွဲ့အစည်းတွေကို တိုးချဲ့ဖွဲ့စည်းပြီး ကြပ်မတ်ဆောင်ရွက်သွားပါမယ်။ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးမြှင့်စေရေးအတွက် ခရီးသွားလုပ်ငန်း အေဂျင်စီများ၊ ပြည်ပရှိ မြန်မာသံရုံးများနဲ့ချိတ်ဆက်ပြီး ခရီးသွားများပြားလာအောင် ဆောင်ရွက်ခြင်း၊ ခရီးသွားဧည့်သည်များအတွက် လုံခြုံပြီး ဆွဲဆောင်နိုင်မှုရှိတဲ့နေရာတွေနဲ့ အဆင့်မီအပန်းဖြေနေရာတွေ၊ တည်းခိုနေရာတွေ၊ လွယ်ကူကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေ၊ ပြည်ဝင်ဗီဇာစနစ်တွေကို ဖြည့်ဆည်း ဆောင်ရွက်သွားပါမယ်။နိုင်ငံအတွင်းရှိ တန်ဖိုးမြင့်မြေပေါ်မြေအောက်သယံဇာတပစ္စည်းတွေ ကာကွယ်ထိန်းသိမ်းရေးနဲ့ နိုင်ငံတော်က တရားဝင်ဈေးကွက်ရရှိရေး အစီအမံတွေချမှတ်ဆောင်ရွက်သွားပါမယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ရင် နိုင်ငံတော်က မူအားဖြင့် သဘောတူညီထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒို့တာဝန်အရေးသုံးပါးကိုအခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဖြည့်စွက်ရေးတွေကို နိုင်ငံရေးနည်းလမ်းနဲ့ စဉ်ဆက်မပြတ်ညှိနှိုင်းလုပ်ဆောင်သွားပါမယ်။
တိုင်းရင်းသားရေးရာကဏ္ဍမှာ တိုင်းရင်းသားတွေရဲ့ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု စတာတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားမြှင့်တင်ဆောင်ရွက်ခြင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင်ခြင်း၊ မတူကွဲပြားခြားနားခြင်းကို အင်အားအဖြစ်တည်ဆောက်ကာ ဤမြေဤရေကိုအတူတကွ ပူးပေါင်းပိုင်ဆိုင်သူများအဖြစ်ခံယူပြီး လှပသောအနာဂတ်အတွက် လက်တွဲဆောင်ရွက်ရေးကို အလေးပေးဆောင်ရွက်သွားပါမယ်။
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကဏ္ဍဟာ အချိန်ယူပြီး တစ်ဆင့်ချင်းတည်ဆောက်သွားရမယ့်လုပ်ငန်းစဉ်ဖြစ်ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ရေး၊ အားလုံးပါဝင်နိုင်ရေးစတဲ့ဆောင်ရွက်ဆဲ နိုင်ငံရေးယဉ်ကျေးမှုအတိုင်း တစ်ဆင့်ချင်း ပိုမိုပီပြင်အောင်ဆောင်ရွက်သွားပါမယ်။
မဲဆန္ဒရှင်မိဘပြည်သူများ ခင်ဗျား-
ကျွန်တော်တင်ပြလိုသည်များမှာ အများအပြားကျန်ရှိနေပါသေးတယ်။ အခုတင်ပြတဲ့ခေါင်းစဉ်တစ်ခုချင်းဟာလည်း အသေးစိတ်အခြေအနေတွေကို ဖော်ပြနိုင်ခြင်းမရှိသေးပါဘူး။ ကျွန်တော်တို့ပါတီအနေနဲ့ ထိရောက်ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု၊ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်ကို ပိုမိုကျယ်ဝန်းကောင်းမွန်လာအောင်လုပ်ဆောင်နိုင်မှုစွမ်းရည်များရှိခဲ့ကြောင်းအတိတ်သမိုင်းကြောင်းက အခိုင်အမာသက်သေပြဆိုခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံ့တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခဲ့ဖူးသူတွေလည်း ပါတီမှာ အများအပြားရှိနေဆဲဖြစ်ပါတယ်။
ဒါကြောင့် ခိုင်မာသောဦးဆောင်မှုနဲ့ ကျစ်လျစ်အားကောင်းသော အင်အားကြီးအဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်နေတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံအားပေး၊ မဲပေးခြင်းဖြင့်“ပိုမိုခိုင်မာ ပြည်မြန်မာကြီး”ကို အားလုံးဝိုင်းဝန်း တည်ဆောက်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့အနာဂတ်အစီအမံတွေကို အကောင်အထည်ဖော်ရာမှာ လုပ်ငန်းစဉ်တွေ အတိအကျရှိပြီးဖြစ်ပါတယ်။ အသေးစိတ်ကျယ်ပြန့်စွာ ဆွေးနွေးလိုသူအားလုံးအတွက် အချိန်အခါမရွေးဖိတ်ခေါ်ကြိုဆိုလျက်ရှိပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို လေးစားကျေးဇူးတင်ရှိပါကြောင်းခင်ဗျား။
[ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဟောပြောမည့်အစီအစဉ်တွင် ထည့်သွင်းမည့်သီချင်းစာသား
ဟေ့ ဟေ့ ဟေ့ ဟေ့ ပြည်ခိုင်ဖြိုး ဟေ့
ဟေ့ ဟေ့ ဟေ့ ဟေ့ ပြည်ခိုင်ဖြိုး ဟေ့
ဟေ့ ဟေ့ ဟေ့ ဟေ့ ပြည်ခိုင်ဖြိုး ဟေ့
ဟေ့ ဟေ့ ဟေ့ ဟေ့ ပြည်ခိုင်ဖြိုး ဟေ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူတွေလိုအပ်ချက်ကို ဖြည့်ဆည်းဖို့လာပြီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူတွေလိုအပ်ချက်ကို ဖြည့်ဆည်းဖို့လာပြီ ဟေ့ ဟေ့ ဟေ့ ဟေ့ ပြည်ခိုင်ဖြိုးဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့ ပြည်ခိုင်ဖြိုးဟေ့ ]
